၂၅ မတ်၊ ၂၀၂၅
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့အခြေအနေတွေကို အရေးယူနိုင်ရေး လုပ်ဆောင်ရမယ်လို့ ဗြိတိန်ကိုယ်စားလှယ် Eleanor Sanders ကပြောကြားလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် ကွပ်မျက်မှုတွေ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာတွေ၊ စစ်တပ်က နေအိမ် တစ်သိန်းကျော်နဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ခြင်းစတဲ့ ကုလအထူး ကိုယ် စားလှယ်ရဲ့ အစီရင်ခံစာအပေါ် ဗြိတိန်အစိုးရအနေနဲ့ အလွန်စိုးရိမ်ပူပန်မိတယ်လို့ Eleanor Sanders ကဆိုပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာတွေ အထူးသဖြင့် ဖေဖော်ဝါရီလ တစ်လတည်းမှာတင် လေကြောင်းတိုက်ခိုက်မှု သုံးရာကျော်ရှိခဲ့ပြီး အရပ်သားတွေ သေဆုံးတာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေအပေါ် အထူးစိုးရိမ်ထိတ်လန့်မိတယ်လို့ ၎င်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ သန်း နှစ်ဆယ်နီးပါးရှိနေပြီး စားနပ်ရိက္ခာမလုံလောက်မှု လူ ၁၅ သန်း ကြုံနေရတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီနဲ့ အာရုံစိုက်မှုတွေဟာ အခုအချိန်မှာ ပိုမိုအရေးကြီးလာနေပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ကတိပြုထားတာကြောင့် ယခု ဘဏ္ဍာနှစ်အတွင်း ပေါင် သန်း ခုနစ်ဆယ်ကျော် (အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်) အကူအညီ ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဗြိတိန်အစိုးရက စစ်တပ်အာဏာသိမ်းပြီးကတည်းက လူပုဂ္ဂိုလ် ၂၅ ဦးနဲ့ အဖွဲ့အစည်း ၃၉ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ သလို မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာရေး၊ လက်နက်ကိရိယာတွေ သုံးစွဲခွင့်ကိုလည်း ပစ်မှတ်ထား ပိတ်ဆို့ထားပါ တယ်။