Homeပြည်တွင်းသတင်းနိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးဖို့ ကုလမြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတောင်းဆို

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးဖို့ ကုလမြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတောင်းဆို

၂၈ ဩဂုတ်၊ ၂၀၂၄

အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ဩဂုတ်လ ၂၇ ရက်က ကျင်းပတဲ့ ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

UNDP၊ UNFPAနဲ့ UNOPS တို့ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို ဩဂုတ် ၂၆ က ဩဂုတ် ၂၉ ထိ ကျင်းပါတာပါ။

ဩဂုတ်လ ၂၇ ရက်မှာတော့ UNDP အုပ်ချုပ်ရေးမှူး Mr. Achim Steiner နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ ကုလ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောတာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းက UNDP အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်အတွက် ငွေကြေးပံ့ပိုးမှု (Cash-for-work) အစီအစဉ်နဲ့ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးအစီအစဉ်တွေမှာ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူ (၂) သန်းကျော်ကို ကူညီပံ့ပိုးပေးတဲ့အတွက် UNDP အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ (၄၂) သန်းဝန်းကျင်ဟာ စားဝတ် နေရေးဖူလုံမှုအောက်ကို ကျရောက်နေပြီး လူလတ်တန်းစားအရေအတွက်ဟာ (၅၀) ရာခိုင်နှုန်းထိ ကျဆင်းတယ်လို့ UNDP က ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လူပေါင်း (၅,၅၀၀) ကျော်က စစ်တပ်ရဲ့ မတရား သတ်ဖြတ်ခံနေရပြီး (၃.၂) သန်းကျော်က နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။ (၁၈.၆) သန်းက လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းက ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်နေတာကြောင့် မြန်မာပြည် သူတွေရဲ့ အခြေအနေတွေဟာ အဘက်ဘက်က ပိုဆိုးလာတယ်လို့ သူက ဆိုပါတယ်။

ဒီပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ စစ်အာဏာရှင်နဲ့မတရားစစ်အာဏာသိမ်းမှုတွေကို ရပ်တန့်ဖို့ဆိုရင် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဆင့်တွေမှာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ မြန်မာပြည်သူတွေရဲ့ကြိုးပမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ပံ့ပိုးမှုပေးဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုသွားပါတယ်။

ပုံစာ – (UNDP အစည်းအဝေးမှာ ကုလအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း မြန်မာ့အရေး ဆွေးနွေးစဉ် )
Photo – NUG

ဆက်စပ် သတင်းများ

Most read