ငလျင်ဒဏ်သင့်ဒေသတွေကို ထောက်ပံ့ကူညီဖို့အတွက် နိုင်ငံတကာကလှူဒါန်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို မပေးဘဲ စစ်ကောင်စီထိန်းချုပ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
ငလျင်လှုပ်ပြီး နောက်တရက်ကနေစပြီး နိုင်ငံတကာက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေ တောက်လျှောက်ပေးပို့နေတာဖြစ်ပါတယ်။
ဒါပေမယ့် အမှန်တကယ်ဒုက္ခရောက်နေသူထံ မထောက်ပံ့ဘဲ ပစ္စည်းတွေကို သိမ်းထားတယ်လို့ နေပြည်တော်က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေထံက သိရပါတယ်။
“နိုင်ငံတကာက လှူတဲ့အထဲမှာ ရွက်ဖျင်တဲ၊ ဆေးဝါး အစရှိတဲ့ လူတကိုယ်ရေစာသုံးတဲ့ပစ္စည်းတွေကို ထောက်ပံ့ကူညီတာများတယ်။ ဒါပေမယ့် အဲဒီပစ္စည်းတွေက အကုန်ဟန်ပြပဲ။ ရွက်ဖျင်တဲတွေဆိုရင် ဈေးကွက်ထဲမှာ ပြန်ရောင်းတာတွေတောင်ရှိတယ်။ ပြန်လည်ထူထောင်ရေးကလည်း ကိုယ်ထူကိုယ်ထပဲလုပ်နေရတယ်” လို့ Non – CDM ဝန်ထမ်းတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က Early Rescue အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကနေတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလီယံ နေပြည်တော်ကောင်စီနယ်မြေအတွက် ၁၀ ဘီလီယံနဲ့ ရှမ်းပြည်နယ်အတွက် ငါးဘီလီယံပေးထားတယ်လို့ သိရပါတယ်။
ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက လှူဒါန်းထားတဲ့ လှူဒါန်းငွေဟာ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ငါးသန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် နှစ်သန်းနဲ့ စင်ကာပူဒေါ်လာ ၃၁၅၀ တို့ကိုလက်ခံရရှိထားပါတယ်။
ပုံစာ – နေပြည်တော်ဘူတာရှိငလျင်ဒဏ်သင့်ဝန်ထမ်းများတွေ့ရစဉ်
ဓါတ်ပုံ – New Day Myanmar