၁၇ ဇန်နဝါရီ၊ ၂၀၂၅
တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက ပတ်စပို့သက်တမ်းကုန်ဆုံးသူတွေကို ဗီဇာသက်တမ်း ဆက်ပြီး တိုးပေးသွားမယ်လို့ တောင်ကိုရီးယားအစိုးရ တရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်မှာ ကြေညာပါတယ်။
တောင်ကိုရီးယားနိုင်ငံ တရားရေးဝန်ကြီးဌာန ထုတ်ပြန်ပြောဆိုချက်အရ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့သူတွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ လုံခြုံစိတ်ချစွာနေထိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့သူတွေကို ပတ်စ်ပို့ အမည်ပျက်စာရင်းသွင်းတာတွေ၊ သက်တမ်းဆက်မတိုးပေးတာတွေ၊ တော်လှန်ရေးဇနီးမောင်နှံက မွေးဖွားလာတဲ့ ကလေးတွေကို မွေးစာရင်းမထုတ်ပေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
အခုထုတ်ပြန်ချက်အရဆိုရင် မြန်မာသံရုံးက Blacklist စာရင်းသွင်းထားလည်း ဗီဇာသက်တမ်းဆက်ပြီး တိုးလို့ ရမှာဖြစ်တဲ့အတွက် တော်လှန်ရေးအတွက် ဒီမိုကရေစီအရေးအတွက် တက်ကြွလှုပ်ရှားတဲ့သူတွေအတွက် အကူအညီ အထောက်အပံ့ဖြစ်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
” ပြန်လို့မရတဲ့အထောက်အထားလေးတွေပြပေးနိုင်ရင်တိုးပေးတယ်။ သဘောကောင်းတဲ့လဝကဆိုရင်တော့သိပ်မရစ်ဘူးပေါ့။ ပုံမှန်ကတော့ ပတ်စ်ပို့သက်တမ်းသွားတိုးကြတာကိုး၊ ပြီးခဲ့တဲ့တခေါက်တုန်းကသူများတွေက NUG မှာတိုးကြတာ ၊ ပတ်စ်ပို့သက်တမ်းမရှိရင်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ပဲ တိုးပေးနေကြတာ၊ သူ့ဗီဇာအတိုင်းပဲ တိုးပေးတာပါ” လို့ တောင်ကိုရီးယားမှာ အလုပ်လုပ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
တရားရေးဝန်ကြီးဌာနက လူသားချင်းစာနာမှု အစီအမံနဲ့အညီ မြန်မာနိုင်ငံအခြေအနေ မတည်ငြိမ်မချင်း မြန်မာနိုင်ငံသားတွေ တောင်ကိုရီးယားနိုင်ငံကနေ ထွက်ခွာရမယ့် အမိန့်ကိုလည်း ရွှေ့ဆိုင်းထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး တောင်ကိုးရီးယား တရားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နေထိုင်ခွင့်ဗီဇာ (G-1-99) ထုတ်ပေးခဲ့ပါတယ်။
ပုံစာ – တောင်ကိုရီးယားရှိ NUG ကိုယ်စားလှယ်ရုံး