Homeပြည်တွင်းသတင်းနယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာကြားနာပွဲကို CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာကြားနာပွဲကို CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

၁၇ ဖေဖေါ်ဝါရီ ၊၂၀၂၅

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်ဆိုင်ရာကြားနာပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ် စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

“ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ခြင်း။ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် လွှတ်တော်ဆိုင်ရာကြားနာပွဲကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ “စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုများ ရပ်တန့် သွားခဲ့ရ မှုများ၊ လွှတ်တော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ယင်းအခြေအနေများကို ကျော်လွှားနိုင်ရေး ကြိုး ပမ်းနေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ စိုးမိုးထိန်း ချုပ်နယ်မြေများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက် အဝန်း က ပံ့ပိုးကူညီပေးစေလိုမှုများ” ကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ကနေဒါနိုင်ငံနှင့် မလေးရှားနိုင်ငံတွေက အမြဲတမ်း ကိုယ်စားလှယ်တွေနဲ့လည်း သီးခြားစီတွေ့ဆုံပြီး မြန်မာ့အရေးအခြေအနေတွေကို ဆွေးနွေး ခဲ့ကြတယ်လို့သိရ ပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ်၊ စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့တဲ့ အချိန်မှစပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်တာဝန်တွေကို ထမ်းဆောင်နေခြင်းကြောင့် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်မိတ်ဖက် ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပြီး ယင်းအသိအမှတ်ပြုမှုကို ညီလာခံတွေမှာ ဆက်လက် အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထို့ပြင် မြန်မာနိုင်ငံ၌ တရားမဝင်စစ်အာဏာရှင်စနစ်ကျဆုံးရေး နဲ့ အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးစေလိုတဲ့ ၊ ပံ့ပိုးကူညီပေးစေလိုတဲ့ ကိစ္စ ရပ်တွေကို တိုက်တွန်း လုပ်ဆောင်လျက်ရှိတယ်လို့လည်း CRPH ဆိုပါတယ်။

ယခုလွှတ်တော်ဆိုင်ရာကြားနာပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စု ဝန်ကြီး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန)၊ ဒေါ်မြတ်သီ တာထွန်း (နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ) တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

Photo – CRPH

ဆက်စပ် သတင်းများ

Most read