နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၇ ရက်မနက် ၈ နာရီခွဲဝန်းကျင်က နမ္မတူမြို့၊ အ.ထ.က ၁ ကျောင်းဝန်းကျင်ကို ဗုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲ့ဒီလို၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နဲ့ ပြည်သူလူထုနေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုအခြေအနေတွေကို စုံစမ်းဆဲဖြစ်တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁ရက်ကနေ ၁၆ ရက်အထိ လေကြောင်းကနေ မန်တုံမြို့မှာ ၁ ကြိမ်၊ ကျောက်မဲမြို့မှာ ၃ ကြိမ်၊ သီပေါမြို့မှာ ၅ ကြိမ်၊ မိုင်းငေါ့မြို့မှာ ၁ ကြိမ်၊ မိုင်းလုံမြို့မှာ ၄ ကြိမ်၊ နမ့်ဆန်မြို့မှာ ၃ ကြိမ်၊ နမ္မတူမြို့မှာ ၄ ကြိမ်၊ မိုးမိတ်မြို့မှာ ၃ ကြိမ်နဲ့ မိုးကုတ်မြို့မှာ ၁ ကြိမ်တို့ စုစုပေါင်း ၂၅ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေး ၇ ဦး၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၂ ဦးသေဆုံးခဲ့ပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၁ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် ၁၀၈ အိမ်၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ကျောင်းဆောင် ၄ ဆောင်နဲ့ အဆောက်အဦး ၄ ခုတို့ ထိမှန်ပျက်စီးခဲ့ပါတယ်။


