ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့ အုမ်းမစွမ်းကျေးရွာကို စစ်ကော်မရှင်က ဒီကနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇နာရီ ၁၅ မိနစ်အချိန်ခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၈ တန်းကျောင်းသူတဦးသေဆုံးပြီး ကလေးငယ် ၃ ဦးအပါ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသွားတဲ့ ၈တန်းကေိာင်းသူဟာ အသက် ၁၆နှစ်အရွယ်ဖြစ်ပြီး၊ ကျန်ဒဏ်ရာရသူတွေကတော့ အသက် ၈ နှစ်ကနေ ၁၄နှစ်ကြား ကလေးငယ်သုံးဦးနဲ့ အသက် ၃၀ကျော်အရွယ် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ ဗုံးကြဲတဲ့အပြသ် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပြီး၊ စစ်ကော်မရှင်ဟာ နောက် ပိုင်း ဗူံကြဲတဲ့အပြင် စက်တပ်လေထီးတွေကိုပါအသုံးပြုပြီး တိုက်ခိုက်လာတာမျိုးတွေရှိနေပါတယ်။
မနေ့ အောက်တိုဘာ ၁၃ ရက်က နေ့ခင်းပိုင်းကလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အရပ်သားတစ်ဦးဒဏ်ရခဲ့ပါသေးတယ်။
စစ်ကော်မရှင်က ကျောက်မဲမြို့ကိုအောက်တိုဘာ ၁ ရက်က ပြန်လည်သိမ်း ယူပြီးနောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA) ထိန်းချုပ်မြို့ရွာတွေကို ဗုံးဆက်တိုက်ကြဲနေတာဖြစ်ပြီး ဗုံးကြဲမှုဟာ နမ့်ဆန်မြို့တစ်မြို့ထဲကို ၁၃ ရက်အတွင်း ၃ ကြိမ်မြောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – TNLA


