Homeပြည်တွင်းသတင်းနမခကို ရှော့တိုက်ဒုံးပစ်ခဲ့တဲ့အတွက် နမခအနီးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး

နမခကို ရှော့တိုက်ဒုံးပစ်ခဲ့တဲ့အတွက် နမခအနီးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး

၁၆ ဇန်နဝါရီ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုံရွာအနီးတဝိုက်က ရွာတွေကို စစ်ကြောင်းထိုး‌နေတယ်လို့ ‌ဒေသခံတွေကဆိုပါတယ်။

နမခ ကို ဇန်နဝါရီလ ၁၄ ရက်ညပိုင်းက တော်လှန်ရေးတပ်တွေဘက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီဘက်က အနီးအနားကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို စစ်ကြောင်းလဲထိုးနေတယ်လို့ မုံရွာဒေသခံတစ်ဦးက ဆိုပါတယ်။

“တနေ့ညက ပစ်တာ အချက်ကတော့ ၁၀ချက်မကဘူး။ အိမ်တွေလည်း တုန်တယ် ၊ မြို့ပေါ်နဲ့ ၄ ၊ ၅ မိုင်အကွာလို့ ထင်ထားတာ မနက်ကျမှ နမခကို ရှော့တိုက်ဒုံးနဲ့ပစ်တာလို့ သိရတယ်။ ပြီးတော့ နမခက စစ်ကြောင်းထိုးနေတယ်လို့လည်း ပြောပါတယ်။ မနေ့ညကလည်း ပစ်ခတ်သံတွေ ကြားပါတယ် ၊ စစ်တပ်ဘက်ကို ပစ်တာပဲ နေမယ် အိမ်တံခါးတွေပါ တုန်တယ်”လို့ မုံရွာမြို့ပေါ်နေ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဦးသာပုံရွာအထိုင်တပ်စခန်းက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကျောက်မော်ရွာက အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး နမခအနီး ရှပ်ပြေးတောင်ကာကင်းစခန်းက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နွားခြံကုန်းရွာက ၇ နှစ်အရွယ်ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ မနက်ပိုင်းကစပြီး ရှော့တိုက်ဒုံးနဲ့ပစ်တယ်လို့ ယူဆရတဲ့ နမခ အနောက်မြောက်ဘက်ခြမ်းမှာရှိတဲ့ ထီးတော်တင်၊ မရိုးတော၊ ရုံးသာ၊ ကန်စွယ်၊ နှောပင်၊ မကျဉ်းအုပ်၊ ကျီစု၊ ညောင်ကုန်း ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

မုံရွာ-နမခ ပစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Shadow (မုံရွာ)၊ Anonymous Heroes၊ Chindwin Fighters၊ ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ်၊ Democratic Rangers အဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုအတွင်း နမခ-ဒုတိုင်းမှူး အဆောင် ရှော့တိုက်ဒုံးထိမှန် ပြိုကျပျက်စီးခဲ့တယ်လို့BWM က ပြောဆိုထားပြီး စစ်အုပ်စုဗိုလ်ကြီးတစ်ဦးအပါအဝင်၁၁ ဦးသေဆုံးခဲ့တယ်လို့လည်း အတည်မပြုနေဆဲ သတင်းတွေအရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read