Homeပြည်တွင်းသတင်းနခခ ၅ မောင်တောကို သိမ်းပိုက်ပြီး မောင်တောဒေသကို အလုံးစုံထိန်းချုုပ်နိုင်ပြီလို့ AA ထုတ်ပြန်

နခခ ၅ မောင်တောကို သိမ်းပိုက်ပြီး မောင်တောဒေသကို အလုံးစုံထိန်းချုုပ်နိုင်ပြီလို့ AA ထုတ်ပြန်

၁၁ ဒီဇင်ဘာ၊ ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီ တပ်စခန်း နခခ ၅ ကို သိမ်းပိုက်နိုင်ပြီး မောင်တောဒေကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနဲ့ တိုက်ပွဲသတင်းအခြေအနေတွေကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၁ ရက် မနက်အစောပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ဒေသအတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ဘင်္ဂလာဒေ့ရှ်-ရခိုင် နယ်စပ်ကစခန်းတွေကို တစ်ခုမကျန် သိမ်းပိုက်ဖို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်က စတင်ပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မောင်တောမြို့က “ချိန်ခါလီ၊ ဒုံးပိုက်”စခန်းတွေ၊ ရသေ့တောင်၊ မင်းပြားမြို့က ရန်သူ့စခန်းတွေကို တစ်နှစ်ကျော်အတွင်းသိမ်းယူထားနိုင်တယ်လို့ ဆိုပါတယ်။

မောင်တောမြို့က နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်မှာ AAက အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်တဲ့အတွက် မောင်တော ဒေသတစ်ခုလုံးကို ထိန်းချုပ်ိနိုင်ပြီ ဖြစ်ကြောင်းနဲ့ နခခ (၅) က ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်ပြီး ဖမ်းဆီးနေကြောင်း ကြေညာပါတယ်။

နခခ (၅) စခန်းဟာ ရန်သူ အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားပြီး စခန်းပတ်ပတ်လည်အား သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားပါတယ်။ သံဆူးကြိုး တစ်ခုနဲ့တစ်ခုကြားမှာ သတ်ကွင်းတွေ ပြင်ဆင်ထားပြီး တချိုနေရာတွေမှာ ပေ (၂၀) နီးပါးကျယ်တဲ့ ရေမြောင်းတွေကိုဖောက်လုပ်ထားပါတယ်။ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်မှာ အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိပြီး စခန်းအတွင်း ခိုင်ခံ့ထူထပ်တဲ့အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်တယ်လို့ AA က ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီထောင်ထားတဲ့ M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့ပြီး AA ဘက်က မိုင်းရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေဟာ အသက်နဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ လည်း ဖော်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး မှတ်တမ်းနဲ့ သိမ်းဆည်းရမိတဲ့ အလောင်းတွေစာရင်းအရ ရန်သူ (၄၅၀) အထက် သေဆုံးခဲ့ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို နဲ့ RSO၊ ARSA၊ ARAနဲ့ အကြမ်းဖက်စစ်ကောင်စီ သင်တန်းပေးထားတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲဝင်တွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး စစ်လက်နက်ပစ္စည်းအမြောက်အများကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နခခ (၅) စခန်းကို အပြီးသတ်သိမ်းယူနိုင်ဖို့ အသက်နဲ့ ခန္ဓာပေးဆပ်သွားတဲ့ AA တပ်ဖွဲ့ဝင်တွေကိုလည်း ဂုဏ်ပြုကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုံစာ – နခခ ၅ ကို သိမ်းပိုက်အပြီး AA တပ်ဖွဲ့ဝင်များရဲ့ မှတ်တမ်းဓာတ်ပုံများ

Photo – AA Info desk

ဆက်စပ် သတင်းများ

Most read