၂၄ ဇန်နဝါရီ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေ၊ တပ်မတော်ဆေးတပ်ဖွဲ့က ပါရဂူတွေက စောင့်ရှောက်မှုပေးနေပြီး ဆေးစစ်မှုတွေကိုလည်း အမြဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်။ ပါရဂူတွေက ဝိုင်းဝန်းပြီး စောင့်ရှောက်ပေးနေပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က ကောင်းမွန်တယ်လို့သာ ပြောဆိုနေပေမယ့် သက်သေအထောက်အထား၊ ဆေးမှတ်တမ်း ဒါမှမဟုတ် လတ်တလော ဓာတ်ပုံတစ်စုံတစ်ရာကိုတော့ အခုချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေဟာ နိုင်ငံရေးအမှုမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။
“အဲ့ဒီအမှုတွေဟာ နိုင်ငံရေးအမှုမဟုတ်ဘဲ ရာဇဝတ်မှုနဲ့ပတ်သက်နေတာဖြစ်လို့ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်” လို့ သူက ပြောပါတယ်။
တစ်ဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ်က သူ့မိခင်နဲ့ ၅ နှစ်နီးပါး ဆက်သွယ်ခွင့်မရသေးတာကြောင့် အသက် ၈၀ ကျော်အရွယ် မိခင်ရဲ့ နှလုံးရောဂါအပါအဝင် ကျန်းမာရေးအခြေအနေတွေကို အထူးစိုးရိမ်နေတယ်လို့ အရင်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ဓါတ်ပုံ – AFP


