Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ သက်ကြီးနိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း PPNM ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ သက်ကြီးနိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း PPNM ထုတ်ပြန်

၁၀ နိဝင်ဘာ၊ ၂၀၂၄

ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဝင်းခိုင်တို့ကို ကွယ်လွန်ကာနီးအချိန်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အသက်အရွယ်ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နိုဝင်ဘာလ ၉ ရက်က ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် နိုဝင်ဘာလ ၈ ရက်ညက ကွယ်လွန်သွားပြီးနောက် PPNM က အခုလို ထုတ်ပြန်လိုက်တာပါ။ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဦးဝင်းခိုင်ဟာ ကျန်းမာရေးဆိုးဝါးလာတာကြောင့် အောက်တိုဘာလ ဒုတိယအပတ်လောက်ကစပြီး အိုးဘိုအကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးကုသမှုခံယူခဲ့ရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ကျန်းမာရေးဆိုးရွားလာပြီး သတိလစ်မေ့မျောနေချိန် အောက်တိုဘာလ ၂၈ ရက်မှ စစ်ကောင်စီက ဦးဝင်းခိုင်ကို လွတ်ငြိမ်းခွင့်ပေးတာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကိုလည်း ကျန်းမာရေးအခြေအနေ ဆိုးရွားနေချိန်မှ ဆေးရုံပို့ခဲ့တာဖြစ်ပြီး သတိလစ်မေ့မျောနေမှ လွတ်ငြိမ်းချမ်းသာခွင့်ကို လာရောက်ဖတ်ပြတာဖြစ်ပါတယ်။

“ကျွန်တော်တို့ လက်ရှိ အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသူအကျဉ်းသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ ဒီ၁၀လပိုင်းနဲ့၁၁ လပိုင်းမှာဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေ၊အရေးကြီးတဲ့နေရာမှာ တာဝန်ယူခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်‌ ဒေါက်တာဇော်မြင့်မောင်တို့ ၊ လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်တို့လို ပုဂ္ဂိုလ်တွေတောင် အကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ အခြေအနေမျိုး။ နောက်ဆုံးအသက်အန္တရာယ်ရှိပြီး လုံးဝအသက်ရှင်ဖို့ရာခိုင်နှုန်းနည်းတဲ့အခြေအနေမျိုးမှာလွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး ပြန်လွှတ်ပေးတဲ့ အခြေအနေတွေကို ပြုလုပ်လာတာတွေ့ရတယ်။ ဒါဟာ ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက်အင်မတန်ကို စိုးရိမ်စရာကောင်းတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့် အပါအဝင် ကျောင်းသား၊လယ်သမား၊အလုပ်သမား သမဂ္ဂဦးဆောင်သူတွေ ပြီးတော့ပြည်သူထဲက သက်ကြီးရွယ်အိုတွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးပေါ့နော်။ ကျွန်တော်တို့ငယ်ရွယ်နုပျိုနေတဲ့လူငယ်တွေလူလတ်ပိုင်းတွေကိုယ်ခံအားကောင်းတဲ့သူတွေတောင်မှအကျဉ်းထောင်ထဲမှာ ဆုံးရှုံးမှုတွေဖြစ်လာတဲ့အခါမျိုးမှာသက်ကြီးရွယ်အိုတွေအတွက်တော့ အင်မတန်စိုးရိမ်ရတဲ့အခြေအနေတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတိုင်းကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက New Day Myanmar ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်ကလည်း သူ့ မိခင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သတင်းမီဒီယာတွေကတဆင့် ပြောဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရတော့တာဟာ နှစ်နှစ်ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်တွင်း ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ယောက်အထိ ရှိနေပြီလို့ အောက်တိုဘာ ၇ ရက်က ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read