Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေကိုလွှတ်ပေးဖို့ Burma Campaign UK တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေကိုလွှတ်ပေးဖို့ Burma Campaign UK တောင်းဆို

၁၅ ဇန်နဝါရီ၊ ၂၀၂၅

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က စစ်ကောင်စီကို ဇန်နဝါရီ ၁၄ ရက်က တောင်းဆိုလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကစတင်ပြီး အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရတာက အကျဉ်းကျခံရတဲ့နှစ်သက်တမ်း ၁၉နှစ် ဖြစ်နေပြီလို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးခံရတာက ဒေါ်အောင်ဆန်းစုကြည်အတွက် လေးကြိမ်မြောက် ဖမ်းဆီးခံရတာလို့လည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉ နှစ်ကြာ ချုပ်နှောင်ထားတာက သူ့ကို မြန်မာစစ်တပ်က ဆယ်စုနှစ်နဲ့ချီပြီး ကြောက်လန့်နေတုန်းပဲဆိုတာကို ပြသနေတယ်လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို စစ်ကောင်စီက ချက်ချင်း ပြန်လွှတ်သင့်တယ်လို့လည်း ထည့်သွင်း ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုအပြည့်အဝနဲ့ အနိုင်ရခဲ့ပြီး မြန်မာစစ်တပ်ကတော့ ဘယ်တုန်းကမှ အခုလို အနိုင်မရဖူးတာကြောင့် တရားဝင်မှုမရှိဘူးလို့ Burma Campaign UK က ပြောဆိုပါတယ်။

၂၀၂၁ ခုနှစ် နောက်ဆုံးအာဏာသိမ်းမှုကစတင်ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးအကျဥ်းသားအရေအတွက်ဟာ ၂၀၁၀ ခုနှစ်မတိုင်မီ အရင်စစ်အစိုးရလက်ထက် အရေအတွက်ထက် ဆယ်ဆ ပိုများနေတယ်လို့လည်း Burma Campaign UK က ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၁၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် (၂၁,၅၀၇ ဦး) ဖမ်းဆီးထိန်းသိမ်းခံတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read