Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ချက် ယုံကြည်စရာ မရှိဘူးလို့ သားဖြစ်သူပြော

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ချက် ယုံကြည်စရာ မရှိဘူးလို့ သားဖြစ်သူပြော

၁၉ ဒီဇင်ဘာ ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်(ကိုထိန်လင်း)က သူ့ရဲ့ မိခင်နဲ့ အဆက်အသွယ်မရတဲ့ အတွက်ကွယ်လွန်သွားတာဖြစ်နိုင်တယ်လို့ ပြောဆိုအပြီးမှာပဲ အဲ့ဒီသတင်းဟာ မဟုတ်မှန်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ်(ကိုထိန်လင်း)က အမေဖြစ်သူဟာ ထောင်ထဲမှာကွယ်လွန်တာဖြစ်နိုင်တယ်ဆိုပြီး ဒီရက်ပိုင်းမှာအချိန်ကိုက်ပြောဆိုလာတွေကို ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့် သတင်းအမှားသာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒါပေမယ့် ဒီလို စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်််််််နဲ့ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်(ကိုထိန်လင်း)က “စစ်အစိုးရက မေမေဟာ “ကျန်းမာရေးကောင်းမွန်ပါတယ်” လို့ အတင်းအကြပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ သက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ။”လို့ သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် သူက “စစ်တပ်က တကယ်ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင်ပြပါ။”လို့ လည်း တောင်းဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ မဲမသမာမှုတွေအပါအဝင် စွဲချက်အများအပြားနဲ့ အမှုဖွင့်တရားစွဲဆိုထားကာ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်ဟာ ၂၀၂၃ ခုနှစ်ကစပြီး ရှေ့နေအဖွဲ့အပါအဝင် မိသားစုတွေနဲ့လည်းတွေ့ခွင့်မပေးပဲ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကိုလည်း တရားဝင်ထုတ်ပြန်တာလည်းမရှိပါဘူး။

ဒါကြောင့် ကိုထိန်လင်းဟာအမေဖြစ်သူအတွက်စိုးရိမ်ပူပန်ပြီး လွတ်မြောက်ရေးအတွက် တရုတ်အပါအဝင်နိုင်ငံတကာကို အကူအညီတောင်းခံမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး