၁၀ နိုဝင်ဘာ၊ ၂၀၂၄
ဒေါ်နယ်ထရမ့် တရားဝင်အစိုးရဖြစ်လာတာနဲ့ တပြိုင်နက်ထဲမှာ စစ်ဘေးရှောင်စခန်းေတွ အပါအဝင် နယ်စပ်တလျှောက်က မြန်မာဒုက္ခသည်တွေကို ခေါ်ယူမှုကို လတ်တလော ရပ်တန့်ထားနိုင်ချေရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ပြောဆိုကြောင်း The Nation သတင်းစာက ရေးသားဖော်ပြပါတယ်။
တတိယနိုင်ငံမှာ အခြေချနိုင်ဖို့ ထိုင်းနယ်စပ် စစ်ရှောင်စခန်းတွေက လူ ၆၀၀၀၀ ကို အကူအညီပေးဖို့ ထိုင်းအစိုးရနဲ့ အမေရိကန်အစိုးရကြား ဒီမိုကရက်ပါတီ အစိုးရလက်ထပ်က ဆွေးနွေးထားတာ ဖြစ်ပါတယ်။
အာဏာရ ရီပတ်ဘလစ်ကန်ပါတီအစိုးရအနေနဲ့ ဒီစီမံကိန်းကို ဖျက်သိမ်းဖွယ်ရှိပြီး သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို စိတ်ဝင်စားခြင်းမရှိဘူးလို့ Asia Human Rights & Labour Advocates (AHRLA)က ညွှန်ကြားရေးမှူး ဖိလစ်ရောဘတ်ဆင်က ပြောဆိုလိုက်တာပါ။
ထိုင်းသတင်းဌာန Krungthep Turakij နဲ့ အင်တာဗျူးမှာ
“အမေရိကန်ပြည်ထောင်စုမှာအခြေချနေထိုင်တာကြာမြင့်သော်လည်းနိုင်ငံသားခံယူခွင့်မရသေးတဲ့ ပြည်ပနိုင်ငံသားတွေကိုလည်း ဖမ်းဆီးပြီး မူရင်းနိုင်ငံကို ပြန်ပို့မယ့် အရေးကိစ္စတွေလည်း ဖြစ်လာနိုင်တယ်”လို့ ရော်ဘတ်ဆင်က ဆိုပါတယ်။
ဆက်လက်ပြီး ရော်ဘတ်ဆင်က ထရမ့်ဟာ အမေရိက စီးပွားကုန်သွယ်မှုကို ကာကွယ်ဖို့ကိုပဲ လုပ်ပြီး ပြည်ပတင်သွင်းမှုတွေကိုလည်း အနည်းဆုံး ၁၀% ထိ လျှော့ချမယ်လို့ ပြောပါတယ်။ တရားရေးကိစ္စတွေကိုလည်း ထရမ့်ဟာ စွက်ဖက်ဖွယ်ရှိပြီး သူနဲ့အတိုက်အခံ အုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန်တွေကို ဖိနှိပ်ဖို့ လက်နက်တစ်ခုလို သုံးလာနိုင်တယ်လို့ ဆိုပါတယ်။
Photo – ဒေါ်နယ်ထရမ့် လူမှုကွန်ယက် X