Homeပြည်တွင်းသတင်းဒေါ်ကြည်ပြာအရေး NUG ဝန်ကြီးချုပ်ရုံး ဆုံးဖြတ်ချက်ကို ဝန်ထမ်းဟောင်းများ လက်မခံ

ဒေါ်ကြည်ပြာအရေး NUG ဝန်ကြီးချုပ်ရုံး ဆုံးဖြတ်ချက်ကို ဝန်ထမ်းဟောင်းများ လက်မခံ

၁၉ ဖေဖော်ဝါရီ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့အပေါ် အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို “ခိုင်လုံသော သက်သေမတွေ့” ဟု ဆုံးဖြတ်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ကို တိုင်ကြားသူ ဝန်ထမ်းဟောင်းများဘက်က လုံးဝလက်မခံကြောင်း ပြင်းထန်စွာ တုံ့ပြန်လိုက်ပါတယ်။

တိုင်ကြားသူ ဝန်ထမ်းဟောင်း ၁၂ ဦးက အဲ့ဒီစုံစမ်းစစ်ဆေးမှုဟာ အပေါ်ယံဆန်ပြီး အမှန်တရားကို မထင်ဟပ်ဘူးလို့ဆိုကာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ သူတို့လက်ဝယ်ရှိ သက်သေအထောက်အထားများကို ပြည်သူ့ရှေ့သို့ ထုတ်ဖော်ပြသကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ဝန်ထမ်းဟောင်းများရဲ့ ပြောကြားချက်အရ သူတို့ရဲ့ တိုင်ကြားမှုထဲမှာ အဂတိလိုက်စားမှုသာမက အကျိုးစီးပွားပဋိပက္ခ ဖော်ဆောင်ခြင်း၊ နီးစပ်သူများကို နေရာပေးခြင်း၊ အခွင့်အာဏာနဲ့ ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ ရုံးတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများနဲ့ ဝန်ထမ်းများကို ခြိမ်းခြောက်နှောင့်ယှက်ခြင်း စတဲ့ အချက်များပါဝင်ခဲ့ပေမယ့် စစ်ဆေးမှုမှာ လျစ်လျူရှုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးမှုအတွင်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို တင်ပြခဲ့တယ်လို့ဆိုပြီး ယခုထုတ်ပြန်ချက်ဟာ အဖြစ်မှန်ကို ဖုံးကွယ်ထားတာသာ ဖြစ်တယ်လို့ ဝန်ထမ်းဟောင်းများက ပြောပါတယ်။

ဝန်ကြီးချုပ်ရုံးအဆို အရ ဒေါ်ကြည်ပြာဘက်က တင်ပြထားတဲ့ ငွေစာရင်းဇယားတွေ၊ NUG စာရင်းစစ်ချုပ်ရုံးနဲ့ ပြင်ပစာရင်းစစ် အစီရင်ခံစာများအရလည်း အဂတိလိုက်စားမှု မတွေ့ရှိရတာကြောင့် တရားစွဲဆိုတာ ဒါမှမဟုတ် ရာထူးက ထုတ်ပယ်ဖို့ လုံလောက်တဲ့ အချက်အလက် မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဝန်ထမ်းတွေအပေါ် ပြောဆိုဆက်ဆံရာမှာ ချိုသာမှု မရှိတာကို တွေ့ရှိခဲ့ရတဲ့အတွက် နောက်နောင်မှာ ချိုသာစွာ ပြောဆိုဆက်ဆံဖို့ “ပြင်းထန်စွာ သတိပေး” ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ယခုဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဝန်ထမ်းဟောင်းများကတော့ ပြည်သူတွေကိုယ်တိုင် အမှန်တရားကို ဆုံးဖြတ်နိုင်အောင် သက်သေအထောက်အထားတွေကို ဆက်လက်ချပြသွားမယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး