၁၀ ဖေဖော်ဝါရီ၊ ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့မရဲစခန်းက အချုပ်ခန်းက ဖမ်းဆီးထံထားရသူ ၄ ဦး အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတာဟာ ၂၄ နာရီကျော်တဲ့အထိ ဖမ်းမမိသေးတဲ့အတွက် သူတို့ ထွက်ပြေးသွားတဲ့နေ့က တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ပေါ့လျော့မှုနဲ့ အရေးယူဖွယ်ရှိကြောင်း ဒေါပုံရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောဆိုပါတယ်။
အချုပ်ထောင်က လွတ်မြောက်သွားတဲ့ သူရဇော်(ခ)အောင်ရဲလင်း (၂၄)နှစ်၊ ဝေယံအောင်(ခ)သင်္ဘောသီး(၃၃)နှစ်၊ ညီညီခန့်(ခ)အသေးလေး (၂၀)နှစ်နဲ့ ခန့်ထည်ဝါထွန်း(၁၇)နှစ်တို့ဟာ ဖေဖော်ဝါရီ ၉ ရက် မနက် ၂ နာရီခွဲကျော်က အချုပ်ခန်းသော့ကိုဖျက်ကာ ထွက်ပြေးသွားတာဖြစ်ပါတယ်။
“ရဲစခန်းပေမယ့် စစ်သားတွေလည်းရှိတော့ မနေ့ကကော ဒီနေ့ကော စစ်တပ်ကကောင်တွေ ဖိထောင်းနေတယ်ထင်တယ်၊ နယ်ထိန်းတွေလည်း သူတို့သတင်းပေးတွေနဲ့အလုပ်ရှုပ်နေတယ်။စခန်းက ပုစွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တာမွေတို့နဲ့ပါ ဆက်စပ်နေတာဆိုတော့ သေချာပေါက် တာဝန်မှူး အရေးယူခံရမယ့်ပုံ ဖြစ်နေတယ်”လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“သတင်းတွေမှာ ပြောတာက အချုပ်ခန်း သံတိုင်ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး အချုပ်ခန်းဇကာကို ဖြုတ်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တချို့ကလည်း သော့ကိုဖျက်တယ်လို့ ပြောနေကြတယ်၊ တကယ်က အချုပ်ခန်းက အခိုင်အခံ့လုပ်ထားတဲ့အပြင် ဒေါပုံရဲစခန်းက မဟာဗန္ဓုလတံတားအဆင်းမို့ စစ်တပ်ကင်းလဲ ချထားပါတယ်။ ဘယ်လိုလွတ်လဲတော့မသိဘူး၊ တာဝန်မှူးကော ရဲတွေကော အခု အကုန်ပြန်ဖမ်းထားတယ်” လို့ ဒေါပုံမြို့နယ်နေ ပြည်သူတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။
ထွက်ပြေးသူ ၄ ဦးထဲက ၂ ဦးဟာ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်နေသူ အမျိုးသား ၂ ဦး၊ နောက် ခိုးမှုနဲ့ ရမန်ချုပ်ကျနေသူ ဒေါပုံ မြို့နယ်ထဲက အမျိုးသား ၁ ဦးနဲ့ လှိုင်သာယာမြို့နယ်နေ ကလေးလူငယ်တရားခံ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။
အချုပ်ဖောက်ပြေးတဲ့သူ ၄ ဦးကို ၂၄ နာရီကျော်တဲ့အထိ ဖမ်းဆီးရမိခြင်းမရှိတဲ့အတွက် ဒေါပုံမြို့နယ်အပြင် ဆက်စပ်နေတဲ့ သာကေတမြို့နယ်ဘက်ကိုပါ အရပ်ဝတ်နဲ့ ကင်းလှည့်တာ၊ စုံစမ်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။