Homeပြည်တွင်းသတင်းဒေါပုံမြို့နယ်က စစ်မှုထမ်းစာရင်းကောက်နေသူ ၃ဦးကို အိမ်ရှင်က ဓာတ်ဆီပက်ပြီး မီးရှို့ထွက်ပြေး

ဒေါပုံမြို့နယ်က စစ်မှုထမ်းစာရင်းကောက်နေသူ ၃ဦးကို အိမ်ရှင်က ဓာတ်ဆီပက်ပြီး မီးရှို့ထွက်ပြေး

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၅

ဖေဖော်ဝါရီ ၁၂ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ ကျီစုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ စစ်မှုထမ်းဖို့ လူစာရင်းလိုက်ကောက်နေတဲ့ ရာအိမ်မှူးနဲ့ အမျိုးသမီး၂ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ ဒေသတွင်းသတင်း‌‌ဖော်ပြမှုတွေအရ သိရပါတယ်။

ရာအိမ်မှူးဖြစ်သူ အသက် ၅၀ ခန့်အရွယ် အမျိုးသားကြီးမှာ မီးလောင်မှုဒဏ်ရာအများဆုံး ဖြစ်ပြီး အမျိုးသမီးကြီးက ကိုယ်တစ်ခြမ်းလောင်ကျွမ်းပြီး အမျိုးသမီးငယ်က ခြေထောက်တွေ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကောင်စီလက်အောက်ကသတင်းနဲ့ လူမှုကွန်ယက်တွေက မဲစာရင်း ကောက်ခံနေသူတွေကို မသမာသူတွေကလည်းဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။

” ဖြစ်စဉ်ကမှန်ပါတယ်။ အိမ်ရှင်အမျိုးသားကတော့ မရှိတော့ဘူး။ ပြေးသွားပြီ။ ဘာကြောင့် လုပ်သလဲဆိုတာတော့ မသိရသေးဘူး။ အခုတော့ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်။ စိုးရိမ်စရာတော့မရှိပါဘူး” လို့ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ခဲ့သူအမျိုးသားက အခင်းဖြစ်ပွားပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့သိရပါတယ်။ရွေးကောက်ပွဲ မဲစာရင်းကောက်ခံနေတယ်လို့ ပြောပေမယ့် စစ်မှုထမ်းစာရင်းကောက်ယူနေတာဖြစ်ကြောင်း ဒေသခံပြည်သူတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read