ဒေါက်တာတေဇာစန်းဆန္ဒပြခဲ့တဲ့မန္တလေး ဈေးချိုဆိုင်ခန်း ၅၀ ခန့်ကို စစ်အုပ်စုက ကွက်ပြီးဖျက်ဆီးပစ်လိုက်တယ်လို့မန္တလေး ဒေသခံအချို့က New Day Myanmar ရဲ့မေးမြန်းမှုကို အတည်ပြု ပြောကြားပါတယ်။
“ညက အဖွဲ့စုံနဲ့ လာဖျက်သွားတယ်။ စည်ပင်ပါတယ် ရဲပါတယ် ထွေအုပ်ပါတယ် တော်တော်စုံတယ်။ သူတို့က လူငယ်တွေ စစ်တပ်ကို နောက်ထပ်ဆန္ဒပြလို့ လက်ခံခဲ့ရင် ဒီလိုမျိုးလုပ်မယ်ဆိုတဲ့ အချိုးပေါ့။ ဒါကလည်း ရိုးနေပါပြီ။ သူတို့ကြောက်ရမ်း ရမ်းနေတာဗျ”လို့ မန္တလေးမြို့သား တဦးက ပြောပါတယ်။
အခုဖျက်ဆီးခံလိုက်ရတဲ့ ဆိုင်ခန်းတွေဟာ ဒေါက်တာတေဇာစန်းတို့ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း၊ ၈၄ ၊၈၅ လမ်းကြားအတွင်းက ဈေးဆိုင်တန်းကို ဖျက်ဆီးသွားတာဖြစ်ပါတယ်။
ဖျက်ဆီးလိုက်တဲ့ ဈေးဆိုင်တန်းတွေရှိတဲ့ အဲဒီလမ်းကိုလည်း စစ်တပ်က ပိတ်ဆို့ပြီရှာဖွေနေတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။
“သူတို့ အရှိုက်ထိသွားတာလေ၊ မင်းအောင်လှိုင်လာတဲ့နေ့မှ လုပ်လိုက်တော့ လူငယ်တွေက သူတို့နားကိုတံတွေးစွတ်ခံရတဲ့အခြေအနေပေါ့။ တော်တော်ကို တင်းနေကြတာ”လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။
နွေဦးတော်လှန်ရေးရဲ့ သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး ဒီဇင်ဘာ ၃ ရက် နံနက်အစောပိုင်းမှာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူ ထုလှုပ်ရှားမှုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲမှာ လာမယ့်ဒီဇင်ဘာ ၁၀ ရက်နေ့ကို အသံတိတ်သပိတ်( Silent Strike)ပြုလုပ်မှာဖြစ်ပြီး ပြည်သူလူထုကို ပူးပေါင်းပါဝင်ပေးဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။
ဓာတ်ပုံ-CJ


