မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကျန်းမာရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ် လိုက်တယ်လို့ သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရပါမောက္ခဒေါက်တာ ခင်မောင်လွင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်ဟု ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)က မေလ ၁၆ ရက်ညက ကြေညာထားပါတယ်။
ဒေါက်တာခင်မောင်လွင်ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေး ဆေးတက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ် ကြေညာခဲ့တာကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးဖို့ ကြိုးစားခဲ့တာကြောင့် မန္တလေး ဆေးတက္ကသိုလ်ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ ရှောင်တိမ်းခဲ့တာကနေ လက်ရှိအချိန်အထိ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့နေတာဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ယခုအခါ NUGအစိုးရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ပြည်ထောင်စုလွှတ် တော် ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ ကြေညာချက်ကို ဒေါက်တာခင်မောင်လွင်က လူမှုကွန်ရက်မှာ ပြန်လည် မျှဝေထားကြီး တာဝန်တွေကို ပိုမိုထမ်းဆောင်ခြင်းနဲ့ စစ်အာဏာရှင်တော်လှန်ရေးကို အဆုံးစွန်အထိ တိုက်ပွဲဝင်သွား မယ်လို့ အသိပေးထားပါတယ်။
ရန်ကုန်ဆေးတက္ကသိုလ် ၁ ကနေ ၁၉၈၇ ခုနှစ်မှာ M.B,B.S ဘွဲ့ရခဲ့တဲ့ ဒေါက်တာခင်မောင်လွင်ဟာ ဘွဲ့ရပြီး နှစ်နှစ် အကြာ ၁၉၈၉ ခုနှစ်မှာ တပ်မတော် ဆေးတပ်ဖွဲ့မှာ ပြန်တမ်းဝင် ဆေးမှူးအနေနဲ့ ၃ နှစ်ကြာ တာဝန်ထမ်းခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ တပ်မတော်ဆေးတပ်ဖွဲ့ကနေ ထွက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောခွဲစိတ် အထူးကုဌာန၊ ၁၉၉၇ ခုနှစ်မှာ ဆေးမညာမဟာသိပ္ပံ(ခွဲစိတ်ပညာ) ဘွဲ့ ကို ရရှိခဲ့ ပါတယ်။
၂၀၀၀ ပြည်နှစ်တွင် ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ် အထူးကုဆရာဝန်အဖြစ် မန္တလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ မန္တလေးဆေးရုံကြီးမှာ တွဲဖက်ပါမောက္ခအဖြစ် ရာထူးတိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ်မှာ ပါမောက္ခ/ဌာနမှုး အဖြစ် ထပ်ရာထူးတိုးခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းခဲ့ပြီး ကိုဗစ်ကာကွယ် ကုသရေး လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
ဓာတ်ပုံ – MOH