Homeပြည်တွင်းသတင်းဒုစစ်ခေါင်းဆောင်အမိန့်ထုတ်ထားတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ အဖွဲ့စုံက လိုက်လံဖမ်းဆီး

ဒုစစ်ခေါင်းဆောင်အမိန့်ထုတ်ထားတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ အဖွဲ့စုံက လိုက်လံဖမ်းဆီး

၁၅ အောက်တိုဘာ၊ ၂၀၂၄

စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းရဲ့ ညွှန်ကြားမှုကြောင့် ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ထိုင်းကုန်ပစ္စည်း တွေကို စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံ ပူးပေါင်းပြီး လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက်က ဒုတိယစစ်ခေါင်းဆောင်ဟာ တရားမဝင်ကုန်သွယ်မှုတွေကို ပြည်တွင်းသိုလှောင်ရုံ အပြင် ဈေးကွက်တွေအထိ စစ်ဆေးအရေးယူသွားဖို့ ညွှန်ကြားချက်ထုတ်ပြန်ပါတယ်။

ဒီနောက်မှာတော့ ဌာနပေါင်းစုံ စစ်ဆေးရေးအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီး သိမ်းဆည်းတာတွေ လုပ် နေကြ တာပါ။ မကြာသေးမီက မော်လမြိုင်မြို့ ဈေးတွေမှာ လိုက်ပြီး စစ်ဆေး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရန်ကုန်မြို့ပေါ်မှာလည်း တချို့ဈေးတွေကို ဝင်ရောက်စစ်ဆေးတာ၊ သိမ်းဆည်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်းအပြင် ခွေးစာ၊ ကြောင်စာ စတဲ့ တိရစ္ဆာန်အစာတွေကအစ ထိုင်းဘက်က တရားမဝင် တင်သွင်းနေရတာကြောင့် ဒါတွေကို ဖမ်းဆီးအရေးယူမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ပိုမိုမြင့်လာနိုင်တယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ပွဲရုံ၊ ဂိုဒေါင်တွေ၊ကုန်တင်ကားတွေကိုပါ ဝင်စစ်ပြီး သိမ်းယူနေတဲ့အတွက် နောက်ဆို ကုန်ပစ္စည်းပြတ်လပ်မှု တွေပါ ဖြစ်လာနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းမှာ သုံးစွဲနေတဲ့ ကုန်ပစ္စည်းအတော်များများဟာ ထိုင်းကုန်ပစ္စည်းတွေကို သုံးစွဲနေတာ ဖြစ်ပြီး အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံးကုန်ပစ္စည်းဟာ ထိုင်းဘက်က ဝင်ရောက်လာတာကိုပဲ သုံးစွဲနေတာ ဖြစ်ပါတယ်။ ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းကတော့ တရားမဝင် ကုန်သွယ်မှုတွေ အဓိက ဖြစ်ပေါ်ရတာဟာ နိုင်ငံရဲ့ နယ်စပ်ဒေသတချို့မှာ လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းဖို့ ကန့်သတ်ချက်ရှိတာ၊ ဥပဒေရေးရာတွေမှာ အားနည်းမှုရှိတာ၊ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သူက တရားမဝင် ကုန်သွယ်မှုရှိတဲ့အတွက် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို ယုတ်လျော့စေတာကြောင့် ပြတ် ပြတ်သားသား တားဆီးကာကွယ် သွားမယ်လို့ ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၂၃ ခုနှစ်မှာ သမဝါယမစနစ်ကို အားပေးကြောင်း ထုတ်ပြောဖူးပါတယ်။ ဒီနောက်မှာတော့ စစ်ကောင်စီဟာ ပြည်သူတွေကြား စားသုံးဆီ ဝယ်ယူခွင့်ကတ်စနစ်ကို စတင်အသုံးပြုနေပြီး ၊ စက်သုံးဆီဝယ်ယူခွင့်စနစ်ကိုလည်း မကြာခင် အကောင် အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။

Photo – Facebook

ဆက်စပ် သတင်းများ

Most read