ဒုက္ခသည်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်အပါ မိသားစုဝင် ၅ ဦး လွတ် မြောက်ရေးကူညီပေးဖို့ မလေးရှားအစိုးရကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။
ဒေါ်သူဇာမောင်အပါ မိသားစု ၅ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ နေအိမ်မှာ အမည်မသိ အမျိုးသားတစ်စုရဲ့ ဖမ်းဆီး ခေါ်ဆောင်တာကိုခံရပြီး ပျောက်ဆုံးနေရာကနေ အခု ၂၀၂၅ခုနှစ် အောက်တို ဘာလမှာ စစ်ကောင်စီက သူတို့ မိသားစုဝင် ၅ ဦးစလုံးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်လာခဲ့တာပါ။
လာရောက်ဖမ်းဆီးသူတွေဟာမလေးရှား ရဲတပ်ဖွဲ့သုံးတဲ့ ပုံစံတူကားတစ်စီးနဲ့ ခေါ်ဆောင်ဖမ်းဆီးခဲ့တယ်ဆိုပေမယ့်နောက် ပိုင်း စုံစမ်းစစ်ဆေးချက်အရ အဲဒီကားဟာ မလေးရှားရဲတပ်ဖွဲ့ပိုင်မဟုတ်ဘူးလို့ ဖော်ထုတ်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဒီအခြေအနေဟာ စစ်ကောင်စီအနေနဲ့
နယ်စပ်ဖြတ်ကျော် ဖိနှိပ်တာတွေကိုပါ ကျူးလွန်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ အထောက်အထားတစ်ခု ဖြစ်နိုင်တယ်လို့ HRW က ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒေါ်သူဇာမောင်တို့မိသားစုဟာ မြန်မာ နိုင်ငံကို တရားမဝင် ဝင်ရောက်လာချိန်မှာဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
HRW ရဲ့ အာရှရေးရာဌာန ညွှန်ကြားရေးမှူး အီလိန်းပီယာဆန် က မလေးရှားအ စိုးရဟာ ဒေါ်သူဇာမောင်နဲ့ မိသားစု ပြန် လည်လွတ်မြောက်ရေးအတွက် မြန်မာဖက်ကို ဖိအားပေးသင့်သလို သူတို့တွေ မြန်မာနိုင်ငံဆီ ဘယ်လို ပြန်ရောက်သွားသလဲဆိုတာကို တိတိကျကျဖော်ထုတ်စုံစမ်းသင့်တယ်လို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
မလေးရှားအစိုးရဟာ ကလေးတွေအပါ နိုင်ငံတွင်းက ဒုက္ခသည်တွေကို အကာ အကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေခံနေတယ်လို့ မှန်ချက်ပြု ပြစ်တင်ထားပါတယ်။
ပီယာဆန်ကတော့ ဒေါ်သူဇာမောင်နဲ့ မိ သားစုဟာ ဘေးရန်ကင်းကင်း ရှိခဲ့သင့်ပြီး မလေးရှားနဲ့ တခြားနိုင်ငံအစိုးရအသီးသီးအနေနဲ့ ဒုက္ခသည်တွေကို စစ်ကောင်စီက ပြန်ပေးဆွဲပြီး ဖျောက်ဖျက်ဖို့ကြိုးစားနေတာတွေကို ထိထိရောက်ရောက် ဟန့်တာဖို့လိုအပ်နေပြီလို့ ဆိုထားပါတယ်။
ကိုးကား- HRW
ပုံစာ-စစ်ကောင်စီလက်အတွင်း ဖမ်းဆီးခံထားရတဲ့ ဒေါ်သူဇာမောင်အပါ မိသားစု၅ ဦး


