Homeပြည်တွင်းသတင်းဒီပဲယင်းမြို့က တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပေမဲ့ လေကြောင်းကတိုက်ခိုက်ပြီး အနီးတဝိုက်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး

ဒီပဲယင်းမြို့က တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပေမဲ့ လေကြောင်းကတိုက်ခိုက်ပြီး အနီးတဝိုက်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး

၂၄ ဩဂုတ်၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ ၃ ရက်ကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပြီးနောက်မှာ တော်လှန်ရေးတပ်တွေ ဆုတ်ခွာသွားပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းက ဆက်လက်တိုက်ခိုက်နေပြီး အနီးတဝိုက်ကရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၄ ရက် ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့ အနောက်ဘက်ခြမ်းက နဂါးတွင်းကျေးရွာကို ဂျက်ဖိုက်တာသုံးပြီး လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နှစ်ယောက် ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအတည်ပြုထားပါတယ်။

နဂါးတွင်းကျေးရွာရဲ့ စာသင်ကျောင်းကို လာပစ်ခတ်တာလို့ သိရပြီး ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်သူ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဩဂုတ်လ ၂၄ ရက် မနက် ၃ နာရီဝန်းကျင်မှာပဲ ဒီပဲယင်းက စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ ကံပြားရွာဘက်ကို ရောက်ရှိလာပြီး မနက် ၁၀နာရီခွဲဝန်းကျင်မှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပြီး အပျက်အစီးထိခိုက်မှုသတင်းကို မသိရသေးပါဘူး။ မစိုးရိမ်ရွာနဲ့ ပျော်ဘွယ်ရွာဘက်ကိုလည်း အင်အား ၉၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဖို့ ဝင်ရောက်သွားတယ်လို့သိရပါတယ်။

“ဒီပဲယင်းဘက်က ရွာတွေကို သူတို့လိုက်ဖိပြီး pdf တွေကို ရှာနေတယ်လို့ ကြားတယ်။ ရေဦးဘက်က တပ်တွေလည်း ပြည်တော်ရွာဘက် ၊ မုတ်ဆီရွာဘက်ကို သူတို့ သွားနေတယ်လို့ ကြားပါတယ်” လို့ ရေဦးဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က စစ်တပ်က စခန်းချထားတဲ့ ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား နဲ့နေရာတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီပဲယင်းသိမ်းပိုက်နိုင်ကြောင်း ကြေညာတဲ့ ဩဂုတ်လ ၁၈ နေ့လည်ပိုင်းကစပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့ပြီး မြို့ကို ပြန်လည် သိမ်းပိုက်ထားပါတယ်။

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၁၈ ယောက်၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ NUG ရဲ့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ – ဒီပဲယင်းရဲစခန်းကို သိမ်းပိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များကို တွေ့ရစဉ်/ ပုံ – 96 soldiers PDF

ဆက်စပ် သတင်းများ

Most read