Homeပြည်တွင်းသတင်းဒီပဲယင်းမြို့ကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ပြန်

ဒီပဲယင်းမြို့ကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ပြန်

၁၃ ဒီဇင်ဘာ ၂၀၂၅

ဒီပဲယင်းမြို့ကို ဒီကနေ့ ဒီဇင်ဘာ ၁၃ရက် မွန်လွဲပိုင်းအချိန်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ပါရာမော်တာတွေနဲ့ပါ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ရာမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အင်ဘုတ်ကျေးရွာနားကို နေ့လယ် ၁၂နာရီ ၄၆ မိနစ်မှာ လေ ကြောင်းကနေ ဗုံးကြဲပြီးနောက်မှာ ၁ နာရီ ၈ မိနစ်မှာ တခါ ပါရာမော်တာနဲ့ပါ ဗုံးကြဲတာလို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဟာ ဒီပဲယင်းမြို့ကို လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အခုလအတွင်း ဒုတ်ယအကြိမ်ဖြစ်တယ်လို့ဆိုနိုင်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်က ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မရကန်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၁၉ဦး သေဆုံးခဲ့ရပါသေးတယ်။

ဒီကနေ့ တိုက်ခိုက်မှုအခြေအနေကိုတော့ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ အခု ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှာဘဲ ဒီပဲယင်းအပါ ရှမ်းမြောက်ပိုင်းက မိုးမိတ်မြို့ကိုလေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီဇင်ဘာ ၁၀ရက်ကလည်းရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်လို့ ‌ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါ ၃၄ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်မှာလည်းရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို လေကြောင်းကနေတိုက်ခိုက်တာမှာ စစ်ဘေးရှောင်ရှစ်ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်၊ စစ် ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက မြို့တွေကို လေကြောင်းကနေ တိုက်ခိုက်မှု အရှိန်မြှင့်နေလို့ တော်လှန်ရေးအင်အားစုတွေက လေကြောင်းသတိပေးချက်တွေထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-ဒီပဲယင်း ပအဖ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး