ပဲခူးမြို့ ဒိုက်ဦးအကျဉ်ထောင်နဲ့ သာယာဝတီအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသူတွေကို အဆောင်တခုထဲ စုပြုံထားတာ၊ သောက်သုံးရေလုံလောက်စွာမရတာတွေကြောင့် အရေပြားနဲ့ပတ်သက်တဲ့ ရောဂါတွေဆိုးရွားစွာဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ အသိပေးချက်အရ သိရပါတယ်။
ဒိလိုဖြစ်ပွားနေတဲ့အပေါ်မှာလည်း ကျန်း မာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသခွင့်လုံလုံလောက်လောက်မရရှိတာကြောင့် ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် မန္တလေးတိုင်း၊ ရမည်းသင်းအ ကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်း သားတွေဆီကနေ ထောင်ပိုင်ရဲ့ မတရား ငွေကြေးတောင်းခံတာတွေ ခံနေရတဲ့အပြင် အမျိုးမျိုးသော ဖိနှိပ်တာတွေလည်း ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ နေရာအသီးသီးက အကျဉ်း ထောင်တွေမှာ အကျဉ်းသားတွေအတွက်ပေးတဲ့ ရိက္ခာဆန်တွေကို ပြင်ပကိုပြန်ရောင်းချပြီး အညံ့စားဆန်တွေပြန်လည်သွင်းယူချက်ကျွေးတာ၊ သောက်ရေသုံးရေအတွက် ထောင်တာဝန်ခံအဆင့် ဆင့်က ငွေကြေးတောင်းခံတာ၊ အခြားသောဖိနှိပ်တဲ့လုပ်ငန်းစဉ်တွေလုပ်ဆောင်လာနေသလို အကျဉ်းသားတွေကဆန္ဒထုတ်ဖော်ရင် တိုက်ပိတ်တဲ့အထိ အပြစ် ပေးနေတာမျိုးတွေရှိနေတယ်လို့ အကျဉ်း ကျခံနေရသူတွေရဲ့ မိသားစုတွေကနေတဆင့် သိရပါတယ်။
စစ်တပ်က မတရားအာဏာသိမ်းပြီး နောက်မှာ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃ ထောင်နီးပါးဦးရှိပြီး အဲဒီထဲက ၂ ထောင်ဦးကျော်ဟာထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက် ၁ ထောင်ဦးကျော်ကထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-MOI


