ရန်ကုန်တိုင်း ၊ ဒလမြို့နယ်ထဲက စွမ်းထက်အမည်ရှိတဲ့ အထူးကုဆေးခန်းတခုမှာ မီးဖွားရင်းသေဆုံးခဲ့တဲ့ ရှေ့နေအမျိုး သမီး မအိအိအေးအမှု တရားစတင်စွဲဆိုရန်ပြင်ဆင်နေပြီး အမှုဖွင့်ရန် ဆေးစာရွက်စာတမ်းများမထုတ်ပေးတာကြောင့် ကြန့်ကြာနေရတယ်လို့ သေဆုံးသူမိသားဝင်တွေနဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။
ဒလမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တရားစွဲ ဆိုဖို့ လုပ်ဆောင်ရာမှာ ဗဟိုအမျိုးသမီးဆေးရုံကြီးဘက်က လိုအပ်တဲ့ဆေးစာရွက်တွေမထုတ်ပေးဘဲ ၊ တရားစွဲဆိုပြီးရင် သေဆုံးတာနဲ့ပတ်သက်တဲ့ ဆေးစစ် ချက်တွေကို ကျန်းမာရေးဌာနက လာရောက်ထွက်ဆိုပေးမယ်လို့သာ မှာကြားလိုက်တယ်လို့ ဆိုပါတယ်။
“ဒီနေ့ ဂျမခန်နာ (ဗဟိုအမျိုးသမီးဆေးရုံကြီး)က သေဆုံးသူရဲ့ဆေးစာရွက်စာ တမ်းတွေပေးလို့မရဘူးလို့ပြောတယ်။ ကနဦး စွမ်းထက်ဆေးခန်းပြတုန်းက ရ ထားတဲ့ ဆေးစာတွေလောက်ဘဲရတယ်။ ပြီးတော့ ဂျမနခန်နားကို ညအချိန်ကြီးရောက်ပြီး သားအိမ်ထုတ်လိုက်ရတဲ့ခွဲ စိတ်မှတ်တမ်းတွေတခုမှမရဘူး။ ပထမပိုင်းမဆုံးခင်အခြေအနေက စာရွက်စာ တမ်းလောက်ဘဲ ပြန်ပေးလိုက်တာပေါ့။” လို့ ဆိုပါတယ်။
လတ်တလော သေဆုံးသူရှေ့နေအမျိုး သမီးရဲ့ မိသားစုဝင်တွေနဲ့ သေဆုံးသူရဲ့ဆရာဖြစ်သူ ရှေ့နေအမျိုးသားတို့ တရားစတင်စွဲဆိုဖို့ တိုင်ပင်နေကြပြီဖြစ်ကာ မိသားစုလက်ထဲမှာရှိတဲ့ စွမ်းထက်အထူးကုဆေးခန်းရဲ့ ကနဦးဆေးစာနဲ့ အမှုဖွင့်တိုင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“အခုက ဆေးရုံကိုသွားတော့ သေဆုံးသူရဲ့ဆေးမှတ်တမ်းတွေကိုမထုတ်ပေးဘူး၊ သူဆေးခန်းကို မီးဖွားဖို့သွားတုန်းကဆေးမှတ်တမ်းစာလေးဘဲ သက်သေရှိတယ်။ အဲဒါနဲ့ဘဲဖွင့်ရမှာပေါ့။ မဖွင့်ပေးရင်တော့ ပြဿနာက ပိုကြီးသွားနိုင်တယ်။ မီဒီယာတွေမှာလဲ သတင်းတွေ တက်နေပြီလေ၊ ” လို့ သူက ပြောပါတယ်။
အခုလ စက်တင်ဘာ ၅ ရက်နေ့က ရန် ကုန်တိုင်း ဒလမြို့နယ်ထဲမှာဖွင့်ထားတဲ့စွမ်းထက် အထူးကုဆေးခန်းတခုမှာ အဲဒီရှေ့နေအမျိုးသမီး မီးဖွားရာကနေ သွေးလွန်ခဲ့တာကြောင့် ဗဟိုအမျိုးသမီးဆေးရုံကြီးကို အချိန်မတော်ပို့ဆောင်ခဲ့ရပြီးနောက် ဆေးရုံအရောက်သားအိမ်ကိုပါ ခွဲထုတ်ရာကနေ အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လောလောဆယ်မှာ အဲ့ဒီဆေးခန်းကိူ တိုင်းကျန်းမာရေးက ချိတ်ပိတ်ခဲ့ပြီး ဆေးခန်းပိုင်ရှင်ကို ဒလမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီးက လူသေမှု ပုဒ်မ ၃၀၄နဲ့အဖွင့်ဖွင့်ထားတယ်လို့ သိရပါတယ်။
ပုံစာ – ဒလမြို့နယ်က ပုဂ္ဂိုလ်လိက ဆေးခန်းမှာ မီးဖွားရာက သေဆုံးခဲ့သူ
ဓာတ်ပုံ-CJ


