Homeပြည်တွင်းသတင်းဒလက အသက်မပြည့်သေးတဲ့ မိန်းကလေးကို တရုတ်မယားအဖြစ် လက်ထပ် ဖို့ အလိုတူအလိုပါ ပါဝင်တဲ့ မိခင်နဲ့ အုပ်ချုပ်ရေးမှူးကိုပါ အရေးယူမည်

ဒလက အသက်မပြည့်သေးတဲ့ မိန်းကလေးကို တရုတ်မယားအဖြစ် လက်ထပ် ဖို့ အလိုတူအလိုပါ ပါဝင်တဲ့ မိခင်နဲ့ အုပ်ချုပ်ရေးမှူးကိုပါ အရေးယူမည်

၈ ဖေဖော်ဝါရီ၊ ၂၀၂၅

ဖေဖော်ဝါရီ ၅ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်မှာနေထိုင်တဲ့ အသက်မပြည့်သေးသူမိန်းကလေးငယ်ကို တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားစေရန် တိုက်တွန်းခဲ့သူ ၎င်း၏မိခင်နှင့် အုပ်ချုပ်ရေးမှူးကို အရေးယူဆောင်ရွက်သွားမယ်လို့ စုံစမ်းသိရှိရပါတယ်။

၎င်းတို့နေအိမ်သို့ လာရောက်ကာ အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို တရုတ်နိုင်ငံသားတစ်ဦးဟာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရန် တရုတ်စကားပြန်တစ်ဦးကပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တရုတ်နိုင်ငံသားနဲ့ ပူးပေါင်းပါဝင်သူအချို့ဟာ ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့ပါတယ်။

ယင်းဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက်နေသလို မိန်းကလေး၏မိခင်သည်လည်း ယင်းတရုတ်နိုင်ငံသားနှင့်ပေးစားရန် သဘောတူထားကြောင်းလည်း သိရပါတယ်။

“သူတို့က ပေါ်တင်ကြီးလာပြီးဗီဒီယိုရိုက်တယ်။ ပွဲစားလည်းပါလာတယ်။အဲဒီပွဲစားကတရုတ်လိုတတ်တယ်။ ကောင်မလေးက အသက်တောင်မပြည့်သေးဘူး။ ကျွန်မတို့ကကျတော့ ဘာမှဝင်ပြောလို့မရဘူးလေ။ ကြည့်ပဲကြည့်နေရတာ။ အမေကိုယ်တိုင်က ဝမ်းသာအားရဖြစ်နေတာ။ သူတို့ကလည်း ရရာအလုပ်ကိုလုပ်နေရတာ။ မိသားစုကချို့တဲ့တော့ ပိုက်ဆံကြောင့် သူသမီးကို ပေးစားဖို့လုပ်နေတာ။ ကိုယ်တွေပြောလည်း မနာလိုလို့ဖြစ်မယ်။ ပြီးတော့သူတို့လာတုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးသိတယ်။ ပြသနာတွေဖြစ်တော့မှ ခေါင်းရှောင်တာ။ ရဲတွေကတော့ သူတို့ကိုလာပြီးမေးမြန်းတာတော့ရှိတယ်” ၎င်းရဲ့အိမ်နီးနားချင်းက New Day Myanmar ကိုပြောပါတယ်။

တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ Video ရိုက်ကူး၍ Online လူမှုကွန်ယက်ပေါ်တွင် လွှင့်တင်ခဲ့သည့် တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် ပူးပေါင်းပါဝင်သူ မသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူလာ အား ဖေဖေါ်ဝါရီ ၆ ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ -၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းအမှုမှ တရားခံဖြစ်သူ တရုတ်နိုင်ငံသား Mr.Luo Fei သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေ ဆိပ်သို့ Thai Airway လေကြောင်းလိုင်းဖြင့် ထွက်ပြေးရန် ကြိုးစားရာမှ အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စုက ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီး ကြပ်ရေး ကောင်တာမှာ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဆက်လက်၍ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)သို့ အကြောင်း ကြားခဲ့ရာ ဒလမြို့မ ရဲစခန်းမှ (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ -၃၅/၄၄အမှုမှ တရားခံ တရုတ်နိုင်ငံသား Mr.Luo Fei အား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

“အခုတော့ ကလေးရဲ့အမေရော ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုပါ အရေးယူဖို့လုပ်နေတယ်။ စုံစမ်းမေးမြန်းထားချက်အရဆိုရင်အမေလုပ်သူကလည်း သဘောတူထားတယ်လို့ သိရတယ်။ အခုတော့ ဆက်ပြီး လုပ်စရာရှိတာလုပ်နေတယ်” လို့ အမည်မဖော်လိုသူ စစ်ကောင်စီ လက်အောက်ခံ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ဆက်စပ် သတင်းများ

Most read