ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ် ရည်အောင်ဟာ ဒီကနေ့ဇူလိုင် ၂၀ ရက်မှာ အကျဉ်းထောင်အတွင်း ကျဆုံးသွားပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူအဖွဲ့ – WOPP အသိပေးထားပါတယ်။
သူမဟာ စစ်ကြောရေးက နှိပ်စက်ညှင်း ပန်းခဲ့တဲ့ဒဏ်တွေဟာအကျဉ်းထောင်အတွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
မဝတ်ရည်အောင်ဟာ စစ်တပ်အာဏာ သိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အခြားကျောင်းသား (၅) ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက်မှာ သူမကို အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီး၊ စစ် ကြောရေးမှာ နှိပ်စက်ညှင်းပန်းခဲ့တဲ့အတွက် ဦးခေါင်းအတွင်း ဒဏ်ရာရရှိခဲ့ကာ အကျဉ်းထောင်အတွင်း ရောက်ရှိချိန်မှာလည်း လုံလောက်တဲ့ဆေးဝါးကုသခွင့်ကို မပေးခဲ့ပါဘူးလို့ WOPP ရဲ့အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့ မဝတ်ရည်အောင်ကို အင်းစိန်အ ကျဉ်းထောင်ကတစ်ဆင့် ဒိုက်ဦးအကျဉ်း ထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ ကျန်း မာရေးဆိုးဝါးလာတဲ့သူမကို ပြင်ပဆေး ရုံမှာ ဆေးဝါးကုသခွင့် တောင်းခံခဲ့ပေမယ့် မရရှိခဲ့တဲ့အပြင် ဆေးဝါးကုသမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်းစိန်အ ကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ကာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံကျခံစေခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့ မဝတ်ရည်အောင်ကို အကျဉ်းဦးစီးဌာနကလုံလောက်တဲ့ဆေးဝါးကုသခွင့်ကို မပေးခဲ့ဘဲ အယောင်ပြလုပ်ဆောင်မှုသာရှိခဲ့တာကြောင့် အခုအခါမှာ အကျဉ်းထောင်တွင်းမှာ ကျဆုံးခဲ့ပြီဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်သူ ကိုသိုက်ထွန်းဦးက “ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ အခြေအနေကတော့ တော်တော်လေး ဆိုးရွာတဲ့ အခြေအနေဖြစ်တယ်၊ တဖက်လှည့်ကနေ သတ်နေသလိုပါပဲ။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့လက်အောက်ခံအကျဉ်းဦးစီးဌာနတို့ရဲ့ နိုင်ငံရေးအကျဉ်းသူ/သား တို့ကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှင်းပန်း နေတဲ့အပေါ် နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ဆက်လက်ဖော်ထုတ်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသူအဖွဲ့-WOPP ဖော်ပြထားပါတယ်။
ဓာတ်ပုံ-နိုင်ငံရေးအကျဉ်းသူအဖွဲ့-WOPP


