UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့မှာ ထောင်ကြီးကြပ်ရေး ဝန်ထမ်းတစ်ဦးကိုသတ်ပြီး လက်နက်လုကာ ထွက်ပြေးသွားတဲ့ ထောင်သား ၇ ဦးကို ဖမ်းဆီးရမိနိုင်ခဲ့တယ်လို့ “ဝ”ပြည် တရား စီရင်ရေးဌာန (WSP) က ထုတ်ပြန်လာပါတယ်။
အဲ့ဒီ အကျဉ်းသား ၇ဦးဟာ ထောင်ကြီး ကြပ်ရေးဝန်ထမ်း ဦးကျိုး(Zhou)ကို ဦး ခေါင်းတွင် ဓားဒဏ်ရာများဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့တာကြောင့် နမ့်တစ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ရက် ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဟိုပန်ခရိုင် အချုပ်ခန်းကနေ အကျဉ်းသား ၁၀ဦးကို နမ့်တစ်မြို့နယ် အမှတ် ၁ လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးက ကျွန်းသစ်တောသို့ လုပ် အားပေးလုပ်ဖို့ ခေါ်ဆောင်သွားစဉ်မှာ အခုလိုဖြစ်စဥ် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ကင်းစောင့်ရဲဝန်ထမ်းတစ်ဦးကိုလည်း ထောင်ဖောက်ပြေးသူတွေက နောက်ကျောကနေ တိုက်ခိုက်ခဲ့ပြီး သတိ လစ်နေစဉ်မှာ ကိုင်ဆောင်တဲ့ ကျည်ငါးတောင့်ပါ K-12 ရိုင် ဖယ်သေနတ်ကို လူယူသွားတယ်လို့ ဖော်ပြထားပါတယ်။
လတ်တလော ဖမ်းဆီးရမိတဲ့ အကျဥ်းသား ၇ ဦးလုံးကို တရားဥပဒေအရ စစ် ဆေးမှုတွေ ပြုလုပ်နေပြီး ပြစ်မှုအလိုက် တရားစီရင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- WSP


