ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတာကို ဒီနေ့ ဩဂုတ် ၁၈ ရက် မနက်ကိုကနေစပြီး ထိုင်းဘက်က ကုန်စည်တွေဝင်ရောက်ခွင့်ကို ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ မြဝတီနယ်စပ် ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။
အမှတ် ၂ ချစ်ကြည်ရေးတံတားဟာ နှစ်နိုင်ငံကုန်စည်တင်သွင်းဖို့ သီးသန့် လုပ် ဆောင်နေတဲ့ နယ်စပ်ဂိတ်တစ်ခုဖြစ်ပြီး၊ အခုလ ဩဂုတ် ဒုတိယပတ်မှာ ထိုင်းဘက်ကနေ ကုန်တင်ကားတွေကို ပေးမဖြတ်ဘဲ ပိတ်ထားရာကနေ အခု မြန်မာဘက်ကပါ တရားဝင် ယာယီပတ်လိုက်တဲ့အခြေအနေဖြစ်ပါတယ်။
“မြန်မာဘက် ဒီနေ့မှ တရားဝင် ပိတ်လိုက်တာ။ နေပြည်တော်ကနေ တိုက်ရိုက်ညွှန်ကြားလာလို့ ပိတ်တာတဲ့။ အရင်ရက်တွေက ထိုင်းဘက်က ကုန်ကားတွေ ပေးမထွက်ဘူး။ အခုကျတော့မြန်မာဘက်က ယာယီပိတ်တယ်။ ဖွင့်တဲ့အချိန်စောင့်ပေါ့ ။ဘာမှလုပ်မရဘူး။ နယ်စပ်ကုန်သွယ် ရေးက တရားဝင်လမ်းကြောင်းပိတ်ရင် မှောင်ခိုလမ်းကြောင်းကနေ လာမယ်။ နယ်စပ်ကုန်သွယ်ရေး နားလိုက်ရတာဆိုတာမရှိဘူး။ ဒီလိုခဏခဏလုပ်ရင် ပြည် တွင်းမှာ ဈေးတွေမြင့်မယ် နိုင်ငံကအခွန်မရဘဲ နယ်စပ်က အခွန်ဝန်ထန်းတွေချမ်း သာမယ်။”လို့ မြ၀တီမြို့က ကုန်သည် တဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ကော်မရှင်ဟာ မြန်မာပြည်ထဲကို တင်သွင်းတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းအချို့ကို တင်သွင်းခွင့်ကန့်သတ်ပြီးနောက် တရားမဝင်တင်သွင်းလာတဲ့ ပစ္စည်းတွေကိုလည်း ဖမ်းဆီးနေတာတွေရှိနေပါတယ်။
“အကုန်ရပ်ထားတယ်။ တရားဝင်တင်သွင်းတာကို ပိတ်တယ်၊ တရားမဝင် (မှောင်ခို)သွင်းတာတွေလည်းဖမ်းနေတယ်။ လောလောဆယ်တော့ ဘာမှမလုပ်ဘဲ နားစွင့်နေတာပေါ့”လို့ ဘားအံမြို့ဒေသခံ ကုန်သည်တဦးက New Day Myanmar ကို ပြောပါတယ်။
လတ်တလော ထိုင်း-မြန်မာချစ်ကြည်ရေး တံတား မဲဆောက်ဘက်ခြမ်းမှာ မြန်မာပြည်ထဲကို သွင်းမယ့်ကုန်တွေတင်ဆောင်ထားတဲ့ ကုန်တင်ကား ရာနဲ့ချီ ပိတ်မိနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေတာကြောင့် ရန်ကုန်အပါ ပြည်တွင်းမှာ နိုင်ငံခြားက တင်သွင်းတဲ့ ကု န်ပစ္စည်းတွေ ပြတ်လပ်ပြီးဈေးနှုန်းတွေ မြင့်တက်နေတာကို တွေ့ရှိရပါတယ်။


