ထိုင်း-မြန်မာနယ်စပ် မဲ့ကို့ကင်းရွာဘက်ကို မြန်မာဘက်ကပစ်လိုက်တဲ့ ကျည်ကျရောက်တာကြောင့် နောက်တခါ ဒါမျိုးထပ်ဖြစ်ရင် စည်းမျဉ်းစည်းကမ်းတွေအတိုင်းပြန်လည်တုံ့ပြန်မယ်လို့ ထိုင်းကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)အကြား ဖလူးဒေသ မင်းလက်ပံရွာဘက်မှာ ထိတွေတိုက်ပွဲတွေဖြစ်ပွားနေပြီး၊ မနေ့ ဒီဇင်ဘာ ၅ရက်မှာ မြန်မာဘက်ခြမ်းက မော်တာကျည်တွေကျရောက်ခဲ့တဲ့အပေါ် အခုလို တုန့်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီမော်တာကျည်ကျရောက်မှုကြောင့် မြန်မာနဲ့ကပ်လျက် ထိုင်းဘက်ခြမ်းကမဲ့ကိုကင်းရွာသားနှစ်ဦး ကျည်ထိမှန်ဒဏ် ရာရခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon ကနယ်စပ်ဒေသက ထိုင်းပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ မီဒီယာတွေနဲ့ တွေ့ ဆုံချိန်မှာ သူကပြောကြားခဲ့ပါသေးတယ်။
ဒီလိုဖြစ်ရပ်မျိုးနောက်ထပ်မဖြစ်အောင် ဘက်ပေါင်းစုံကို သတိပေးတာလို့လည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က ထည့်ပြောခဲ့ ထိုင်းနိုင်ငံနီဒီယာတွေမှာ ဖော်ပြကြတာတွေ့ရပါတယ်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ဒေသ မင်းလက်ပံရွာက ကျားဖြန့်လုပ်ငန်းတွေကို KNU က ဝင်ရောက်စီးနင်းပြီးနောက် အဲဒီရွာမှာ စစ်တပ်နဲ့ KNU ကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး၊ အဲ့ဒီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းက မဲ့ကိုကင်းရွာကို ကျည်ကျရောက်မှုတွေဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ- Royal Thai Army


