Homeပြည်တွင်းသတင်းထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို KNU/KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို KNU/KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်သိမ်းပိုက်

၁၄ နိုဝင်ဘာ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်းအ တွင်းက မောတောင်မြို့ကို ဒီကနေ့ နိုဝင် ဘာ ၁၄ရက် မနက်ပိုင်းမှာ KNU/KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်တွေက တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU တော်လှန်ရေးသတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

မောတောင်မြို့မှာ စစ်ကောာ်မရှင်ရဲ့ အမှတ် ၂၂၄ ​ခြေလျင်တပ်ရင်းက နယ် စပ်အခြေချဗျူဟာစခန်းအဖြစ် နေရာယူထားတာဖြစ်ပြီး၊ အဲဒီစခန်းကို KNLA တပ်မဟာ ၄ ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၂ရက် မနက်ကနေ စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းပိုင်းမှာ မောတောင်မြို့က အဲ့ဒီစစ်စခန်းကို အပြီးသတ်သိမ်းယူလိုက်တာကြောင့် မောတောင်မြို့ဟာ စစ်ကော်မရှင်တပ်တွေကင်းစင်နယ်မြေ ဖြစ်သွားတာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း မောတောင်ဗျူဟာစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀လောက်ဟာ စခန်းစွန့်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ သိရပြီး၊ ဒဏ် ရာရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လို့ သိရပါတယ်။

မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်က ဆင်ခွန်းမြို့နဲ့ ထိစပ်နေတဲ့ ကုန်သွယ်ရေးမြို့ဖြစ်ပြီး မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ မေလမှာ စတင်ဖွင့် လှစ်ခဲ့ကာ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးစခန်းပိတ်ထားပါတယ်။

စစ်တပ်အတွက် ​ရွေး​ကောက်ပွဲလုပ်မယ်​ကြေညာပြီး တစ်လ​ကျော်သာလို​တော့ချိန်မှာ နယ်စပ်ကအ​ရေးပါတဲ့ မြို့တစ်မြို့ လက်လွှတ်ဆုံးရှုံးရတာဖြစ်ပါတယ်။

ဓာတ်ပုံ-KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး