Homeပြည်တွင်းသတင်းထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်

ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်

ဇူလိုင် ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်ထဲက ထီးခီးကုန်သွယ် ရေးဂိတ်ကို ဇူလိုင် ၅ ရက်နေ့က ထိုင်းဘက်ကနေစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး-KNU တပ်မဟာ(၄)နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေသိရပါတယ်။

“အခုလဆန်းက ကုန်အဝင်အထွက်ဘဲ ခွင့်ပြုပေးထားတယ် အခုက လူအဝင်အထွက်ပါ ခွင့်ပြုပေးလိုက်ပြီလို့ ကြားတယ်”လို့ ဆိုပါတယ်။

ထီးခီးကုန်သွယ်ရေးဂိတ်ကို ပြန်ဖွင့်လိုက်ပြီလို့လည်း ထိုင်းနိုင်ငံ ကန်နချဘူရီမြို့ နယ်အာဏာပိုင်တွေက ထုတ်ပြန်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တွင် KNU တပ်မ ဟာ(၄)၊ တပ်မဟာ(၆) လက်အောက်ခံ KNLA တပ်ရင်းတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်တွေက ကျောက်ထု၊ မောထ၊ အောင်သာဝရစခန်းများကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

အခု ၂၀၂၅ခုနှစ် ဧပြီလ ၁၉ ရက်မှာ ထီးထစခန်း၊ မေလ ၉ ရက်တွင် ထီးခီးနယ် စပ်စခန်း၊ ဇွန်လ ၁၀ ရက်မှာ ဗောဓိစခန်း၊ အခုလ ဇူလိုင်လ ၇ ရက်မှာ သုခစခန်းတို့ကို KNLA ၊ KNDO နဲ့ PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားပြီးဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံအာဏာပိုင်တွေနဲ့ KNU တို့ က အခုဖွင့်လှစ်ပေးလိုက်တဲ့ ထီးခီးနယ်စပ်ဂိတ်အပြင် မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်ကိုပါ ပြန်လည် ဖွင့်လှစ်ဖို့ ဆွေးနွေးတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Boom Mya

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး