ထိုင်း-မြန်မာနယ်စပ်က လက်ကျန်စစ်စခန်း၂ ခုဖြစ်တဲ့ ဝေါလေဗျူဟာကုန်းနဲ့ တီသဲလယ် စစ်စခန်းတို့ မကျဆုံးစေဖို့စစ်ကောင်စီဟာ မနေ့က ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ရုရှားနိုင်ငံထုတ် YAK 130 တိုက်လေယာဥ်နဲ့ တော်လှန်ရေးတပ်တွေရှိမယ့်နေရာကို မိနစ်ပိုင်းသာခြားပြီး ဗုံး၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်စစ်ရေးအခြေအနေတွေကိုဖော်ပြပေးနေတဲ့ Addy Chaiyadech က ရုပ်သံမှတ်တမ်းနဲ့ တကွဖော်ပြပါတယ်။
ဝေါလေဗျူဟာနဲ့ တီသဲလယ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် မြေပြင်ကနေ စစ်ကူနဲ့ ရိက္ခာတွေပို့လို့မရတဲ့အခြေ အနေအပေါ် စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာပို့ဆောင်တာ ၊ လေကြောင်းကနေ ပစ်ကူပေးတာ ၊ခဲယမ်းချပေးတာတွေ လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဇူလိုင် ၁၄ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီက ခဲယမ်းနဲ့ ရိက္ခာလို့ယူဆရတဲ့ အထုပ်တွေကို လေယာဥ်ပေါ်ကနေ ချပေးခဲ့တယ်ကိူမြင်တွေ့ရတယ်လို့ ဆိုပါတယ်။
KNLA၊ PDF ပူးပေါင်းတပ်တစ်ခုဖြစ်တဲ့ FFD ဒရုန်းတပ်ဖွဲ့ကလည်း ဝေါလေဗျူ ဟာကုန်းပေါ်ကို ဒရုန်းဗုံးကြဲချခဲ့တာကြောင့် လက်နက်တိုက်ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။
ပူးပေါင်းတပ်တွေဟာ အဲ့ဒီလက်ကျန်စစ်စခန်း၂ ခုကို ဇူလိုင် ၁၃ ရက်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ ရက်ကြာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Addy Chaiyadech


