ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အတွင်း ထိုင်း- မြန်မာနယ်စပ်က ခလယ်ဒေး စစ်ကောင်စီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နှင့် တပ်ရင်း (၂၄) တို့က ပူးပေါင်းသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို KNLA က ၂၀၂၅ ခုနှစ် မတ်လ (၂၂) ရက်နေ့က စတင််််ပြီး ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း မတ်လ (၂၄) ရက်နေ့မှာ ဂျက်ဖိုက်တာ (၂) စင်းနဲ့ပေါင် (၅၀၀) ဗုံး (၄) လုံး၊ Y-12 ဖြင့် ဗုံး (၃၆) လုံး ခန့် ပြန်လည်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ (၂၅) ရက်နေ့မှာတော့ KNLA ကထိုးစစ်ပြန်ဆင်ခဲ့တာကြောင့် စခန်းအတွင်းက စစ်ကောင်စီ တပ်သားတွေက လက်နက်ခဲယမ်းတွေကို မီးရှို့ဖျက်ဆီးပြီး စခန်းအားစွန့်ခွာ ထွက်ပြေး ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
ခလယ်ဒေးစခန်းကို ရှင်းလင်းစဉ်မှာ စစ်ကောင်စီတပ်သား (၂) ဦးရဲ့ အလောင်းတွေ တွေ့ရှိခဲ့ရပြီး စခန်းအတွင်းမှ ပွိုင့် (၅) တစ်လက်၊ ပွိုင့် (၅) ပြောင်း (၂) ချောင်း၊ ၆၀ မမ အရှည် (၁) လက်၊ ၆၀ မမ အတို (၁) လက်၊ RPG-7 (၁) လက်၊ MA-2 (၃) လက်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ၁၆ နင်းမိုင်း (၂) လုံး၊ ၆၀ မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁၀) လုံး၊ ၈၁ မမ ကျည် (၂) လုံး၊ ၄၀ မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ ၇.၆၂ ကျည် (၂) သောင်း၊ ၅.၅၆ ကျည် (၈) ထောင်၊ တိုက်မိုင်း (၆၀) လုံး၊ ခမောက် (၈) လုံး၊ ဆိုလာ (၄) ချပ် တို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းဟာ ၁၉၈၉ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့မှာ ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – KNU