ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တိုက်ပွဲကြောင့် ဒေသတွင်းပြည်သူ ထောင်နဲ့ချီ ရွှေ့ပြောင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံတိုက်ပွဲအတွင်းမှာ ဒေသတွင်းပြည်သူတွေရဲ့ ထိခိုက်သေဆုံးမှုမြင့်တက်လာတာကြောင့် အခုလို ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရတာဖြစ်တယ်လို့လည်း BBC ရဲ့ သတင်းတရပ်အရ သိရပါတယ်။
ထိုင်းစစ်တပ်က ညပိုင်းမှာ ဗုံးကြဲတိုက် ခိုက်တာကြောင့် အရပ်သားနှစ်ယောက်ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ခြောက်ယောက်အထိ ရှိလာတယ်လို့ ကမ္ဘောဒီးယားစစ်တပ်က ပြောပါတယ်။ ထိုင်းဘက်ကတော့ စစ်သားတယောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ကီလိုမီတာ ၈၀၀ ကျော်နယ်စပ်ချင်း ထိစပ်နေပြီး နယ်စပ်နယ်မြေအချို့ကို ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး ရာစုနှစ်တခုကျော်ကြာ အငြင်းပွားနေခဲ့တာပါ။
လတ်တလော နှစ်နိုင်ငံ အပြန်အလှန်စွပ်စွဲပြစ်တင်တာတွေရှိနေပြီး၊ နိုင်ငံတ ကာဥပဒေနဲ့ အညီ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့ ကတိပြုထားတယ်လို့ ထိုင်းဝန်ကြီး ချုပ် အနုတင်ချန်ဗီရာကူးလ်က ဆိုထားပါတယ်။
မနေ့ ဒီဇင်ဘာ ၈ ရက်မနက်အစောပိုင်းမှာ ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားနယ်စပ်က စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီး ယားဘက်ကလည်း BM-21 ဒုံးကျည်တွေ တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် နယ်စပ်ပဋိပက္ခမှာ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ သွင်းကုန်ပိတ်ပင်မှုတွေကို ပြုလုပ်ထားပါတယ်။
ဓာတ်ပုံ- Reuters


