၂၄ ဖေဖော်ဝါရီ ၊ ၂၀၂၅
ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ဟာ ထိုင်းနယ်စပ်အနီးက ကျားဖြန့် ငွေလိမ်ဂိုဏ်း တစ်ခုကို ဝင်စီးပြီး အတင်းအကြပ် ခိုင်းစေခံထားရသူ နိုင်ငံခြားသား ၂၁၅ ဦးကို ဝင်ရောက်ကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနဲ့ နယ်စပ်က ပွိုက်ပက်မြို့က ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်တဲ့ဧရိယာ တစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်က စီးနင်းပြီး ထိုင်းနိုင်ငံသား ၁၀၉ ယောက် အပါအဝင် နိုင်ငံခြားသားတွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ဟာ ကျားဖြန့် ဂိုဏ်းတွေကို ပူးပေါင်းချေမှုန်းဖို့ သဘောတူညီပြီးနောက်မှာ ပွိုင်ပက်မြို့မှာရှိတဲ့ သုံးထပ် အဆောက်အအုံကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ရဲ့ စီးနင်းခဲ့တာဖြစ်ပါတယ်။
တရုတ် ဒုစရိုက်ဂိုဏ်းတချို့ဟာ အဲဒီအဆောက်အအုံကို ငှားရမ်းပြီး အွန်လိုင်းကနေ ငွေလိမ်တဲ့ ကျားဖြန့်လုပ်ငန်းတွေ၊ တရားမဝင်အွန်လိုင်းကာစီနိုတွေ လည်ပတ်နေတယ်ဆိုတဲ့ သတင်းပေး တိုင်ကြားမှု တစ်ခုအရ စီးနင်း ရှာဖွေခဲ့တာဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ အရာရှိ ဂျီရာယူဟွန်ဆက်ဘ်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
အဆောက်အအုံ တည်ရှိတဲ့ မြေနေရာကို ဘန်တီယေမန်ချေးပြည်နယ် အစိုးရအဖွဲ့ရဲ့ အဆင့်မြင့် အရာရှိကြီး တစ်ဦး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ကယ်ထုတ်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ပါဝင်ပြီး ထိုင်း ၁၀၉ ယောက်၊ ပါကစ္စတန် ၅၀၊ အိန္ဒိယ ၄၈ ယောက်၊ ထိုင်ဝမ် ၅ ယောက်နဲ့ အင်ဒိုနီးရှား ၃ ယောက်တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒီဖမ်းဆီးခံရသူအရေအတွက်ဟာ ကျားဖြန့်ဂိုဏ်းနဲ့ပတ်သတ်ပြီး ဖမ်းဆီးရမိတဲ့အထဲ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – ဝင်စီးခံရတဲ့ ကျားဖြန့်ဂိုဏ်းတည်ရှိရာ သုံးထပ်တိုက်
ဓာတ်ပုံ – နေးရှင်း