၂၂ ဖေဖော်ဝါရီ၊ ၂၀၂၅
နိုင်ငံခြားသားများ အနေများသည့် ဧရိယာများမှာ ထိုင်းလူမျိုးများနှင့် ပြဿနာ မဖြစ်စေရန် ထိုင်း ပြည်တွင်း လုံခြုံရေး အေဂျင်စီ (ISOC) က အနီးကပ်စောင့်ကြည့်သွားမယ်လို့ ထိုင်းအခြေစိုက်သတင်းတွေက ဖော်ပြထား ပါတယ်။
အဆိုပါ ထိုင်းပြည်တွင်း လုံခြုံရေး အေဂျင်စီ (ISOC) က နိုင်ငံခြားသားတွေ အနေများတဲ့ ဧရိယာတွေမှာ ပြဿနာ မဖြစ်အောင်နဲ့ ဒေသခံတွေ အနှောင့်အယှက် မဖြစ်အောင် အနီးကပ် စောင့်ကြည့်ဖို့အတွက် တစ်နိုင်ငံလုံးရှိ ပြည်နယ်နဲ့ ခရိုင် ရုံးခွဲ အားလုံးကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ထို့ပြင် ယခုလ အစောပိုင်းမှာ မယ်ဟောင်ဆောင် ပြည်နယ်ရဲ့ Pai ခရိုင်မှာ ဒေသခံတွေနဲ့ အစ္စရေး နိုင်ငံသားတွေအကြား ပြဿနာဖြစ်ပွားပြီးနောက် ယခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
ယင်းသည်နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်စေတဲ့အတွက် နိုင်ငံခြားသားနဲ့ ထိုင်း လူမျိုးတွေ ပြဿနာဖြစ်တာကို ကာကွယ်ဖို့အတွက် ယခုလိုညွှန်ကြားထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အစ္စရေး နိုင်ငံသားတွေဟာ ဆေးရုံ တစ်ခုမှာ ကြမ်းတမ်းတဲ့ အပြုအမူတွေ ပြုလုပ်ပြီးနောက် Pai မှ စီးပွားရေးလုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေက အစ္စရေး နိုင်ငံသားတွေကို ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ မရောင်းချဘူးဆိုတဲ့ ပိုစတာများကပ်ခဲ့သလိုလတိုင်း Pai ကိုအစ္စရေး နိုင်ငံသား ၃,၀၀၀ ဝန်းကျင်ဟာ အဝင်၊ အထွက်ရှိကြပြီး ခရီးသွားရာသီမှာ တစ်လကို လူပေါင်း ၄,၀၀၀ အထိ လာရောက်လည်ပတ်ကြတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွား၊ လုံခြုံရေး၊ ဒေသတွင်း စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းကို ဦးစားပေးဖို့၊ ထိုင်း နဲ့ နိုင်ငံခြားသားတွေ ပြဿနာ မဖြစ်စေဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ပြုလုပ် သွားမှာဖြစ်ပါတယ်။
ထိုင်း မြောက်ပိုင်းမှ အပန်းဖြေ မြို့ဟာ တစ်နှစ်ပတ်လုံး အေးမြတဲ့ ရာသီဥတု၊ ဈေးချိုတဲ့ တည်းခိုစရာ နေရာ၊ အစားအစာတွေကြောင့် နိုင်ငံခြားသားတွေ နှစ်သက်ကြသလို ဒေသခံတွေရဲ့ ဖော်ရွေမှု၊ အရသာရှိတဲ့ အစားအစာ နဲ့ ဂျူးလူမျိုးတွေရဲ့ အစားအစာ စည်းမျဉ်းထဲက ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်တဲ့ Kosher ဟင်းလျာတွေ ရတဲ့အတွက် Pai ဟာ အစ္စရေးတွေအကြားမှာ နာမည်ကြီးလျက်ရှိပါတယ်။
ထိုင်းနိုင်ငံဟာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်လည်ပတ်တဲ့နိုင်ငံတစ်ခု လည်းဖြစ် ပါတယ်။
Photo -Urgent Info 1