ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတွေသာလုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်တွေကို တရားမဝင်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား တွေကို အရှိန်မြှင့်နှိမ်နှင်းဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးက အမိန့်ထုတ်ပြန်ထားတယ်လို့ ထိုင်း သတင်းတွေမှာဖော်ပြလာမှုအရ သိရပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာအနေနဲ့ ပြီးခဲ့တဲ့ ကိုးလအတွင်း ထိုင်းနိုင်ငံသားတွေအတွက်သာ သီးသန့်သတ်မှတ် ထားတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၄,၄၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီးနောက် အဆိုပါလုပ်ရပ်တွေကို အရှိန်မြှင့်နှိမ်နင်းဖို့ အလုပ်သမားဝန်ကြီး မစ္စတာ ဖိဖတ် ရတ်ချာကစ်ပရာကန် (Phiphat Ratchakitprakarn) က အမိန့်ပေး ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိ့ရပါတယ်။
ဝန်ကြီးဌာနအနေနဲ့ တရားမဝင်အလုပ်သမားတွေကို ‘ရှာဖွေ၊ အမှုဖွင့်၊ ဒဏ်ရိုက်ပြီး နေရပ်ပြန်ပို့တာ’ တွေ ဆောင်ရွက်ဖို့ ရဲတပ်ဖွဲ့နဲ့ အလုပ်အကိုင်ဦးစီးဌာန (Department of Employment – DoE) တို့နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့လည်း သိပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ ကာလအတွင်း ဈေးရောင်းသူ၊ ဆံပင်ညှပ်ဆရာ၊ ထိုင်းရိုးရာအနှိပ်ပညာရှင်၊ အတွင်းရေးမှူးနဲ့ မော်တော်ယာဉ်မောင်းလိုမျိုး နိုင်ငံခြားသား တွေ အတွက် တင်းကြပ်စွာ တားမြစ်ထားတဲ့ “အမျိုးအစား-၁” (List-1) အလုပ်အကိုင်တွေကို လုပ်ကိုင်နေတဲ့ နိုင်ငံ ခြား သား ၄,၄၃၇ ဦးကို တွေ့ရှိခဲ့ပြီး သူတို့ထဲက ၄၁၇ ဦးကို ဝန်ကြီးဌာနက တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနက အုတ်စီတာ၊ လက်သမား၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းလိုမျိုး ခွင့်ပြုချက်ရမှ လုပ်ကိုင်ရတဲ့ “အမျိုးအစား-၃” (List-3) အလုပ်အကိုင်တွေမှာ နိုင်ငံခြားသား ၄,၇၂၀ ဦး ခွင့်ပြုချက် မရှိဘဲ လုပ်ကိုင်နေတာကို တွေ့ရှိခဲ့ပြီး ၅၃ ဦးကို တရားစွဲဆိုခဲ့ကြောင်းနဲ့ ဆိုင်အရောင်းဝန်ထမ်း လိုမျိုး “အမျိုးအစား-၄” (List-4) အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၂၂,၄၁၄ ဦးထဲက ၆၉၆ ဦးကိုလည်း တရားစွဲဆိုခဲ့ပြီးဖြစ်တယ်လု့လည်း သိရပါတယ်။
အလုပ်ရှင်တွေအနေနဲ့ ထိုင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ တရားမဝင်တဲ့ အလုပ်တွေမှာ နိုင်ငံခြားသားတွေကို မခန့်အပ်ဖို့ အရေးကြီးတယ်လို့ သူလည်း ဝန်ကြီးက သတိပေးထားပါတယ်။
တားမြစ်ထားတဲ့အလုပ်တွေမှာ တရားမဝင် နိုင်ငံခြားသားတွေကို ခန့်အပ်ထားတာ တွေ့ရှိခဲ့ရင် အလုပ်အကိုင်ဦး စီးဌာန (DoE) ရဲ့ ဗဟိုအလုပ်အကိုင်မှတ်ပုံတင်နဲ့ အလုပ်သမားကာကွယ်ရေးဌာနကို တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ဓာတ်ပုံ – Bangkokpost