၄ ဖေဖော်ဝါရီ၊ ၂၀၂၅
တာ့ခရိုင်၊ မဲဆောက်ဆေးရုံက အထူးကုဆရာဝန် ဒေါက်တာ N ဆိုသူက ထိုင်းလူနာတွေကို ကုသပေးရမယ့်အစား မြန်မာဒုက္ခသည်တွေကို ကုသပေးဖို့ ဖိအားပေးခံနေရတဲ့အတွက် နှုတ်ထွက်လိုတဲ့ အကြောင်း လူမှုကွန်ယက်မှာ တင်ထားတယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြထားပါတယ်။
ကူးစက်ရောဂါကုဌာနက အထူးကုဆရာဝန်ဖြစ်သူ Dr. N ဟာ မဲဆောက်ဆေးရုံမှာ ဆရာဝန်အရေအတွက်လုံလောက်မှုမရှိဘဲ မြန်မာဒုက္ခသည်တွေကို ကုသဖို့အတွက် ဒေသခံ ထိုင်းလူမျိုးလူနာတွေဟာ စောင့်စားနေရတယ်လို့ ဆိုပါတယ်။
သူမရဲ့ပို့စ်မှာ ထိုင်း-မြန်မာနယ်စပ်တလျှောက်က သောင်းနဲ့ချီတဲ့ဒုက္ခသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကို ပိတ်ဖို့ အမိန့်ထုတ်ပြီးနောက်မှာ တီဘီရောဂါနဲ့ HIV ဝေဒနာရှင်တွေကို ကုသပေးဖို့ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုဖို့ ညွှန်ကြားခံထားရတယ်လို့ ဆိုပါတယ်။
အမေရိကန်ပံ့ပိုးမှုနဲ့ လည်ပတ်နေတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC) ရဲ့ ဒုက္ခသည် ဆေးရုံ၊ ဆေးခန်းတွေကို သမ္မတထရမ့်ရဲ့အမိန့်နဲ့ ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးမှ ဒုက္ခသည်စခန်း (၃) ခုက ဒုက္ခသည်တွေကို အလှည့်ကျ သွားရောက်ကုသပေးဖို့ တာ့ခရိုင်အတွင်းက ဆေးရုံ ၅ ခုက ဆရာဝန်တွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။
Dr.N က ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအခြေအနေတွေဟာ ပြည်နယ်ကျန်းမာရေးရုံး၊ ဒေသတွင်းဆေးရုံတို့နဲ့မဆိုင်ဘဲ သီးခြားပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပြီး ဆရာဝန်တွေ စေလွှတ်ဖို့ ညွှန်ကြားချက်ကို လာမယ့် တနင်္လာနေ့မှာ မရုတ်သိမ်းရင် နှစ် ၂၀ လုပ်သက်ရှိနေပြီဖြစ်တဲ့ နှုတ်ထွက်တော့မယ်လို့ ပြောဆိုထားပါတယ်။
မဲဆောက်မြို့က ထိုင်းလူနာတွေဟာ ဆရာဝန်ရှားပါးမှုကြောင့် ဆေးစစ်ဖို့နဲ့ ကုသဖို့ တန်းစီစောင့်ဆိုင်းနေရပြီး ဆရာဝန်အသစ်ခေါ်ယူတာ၊ ထပ်ပြီး ခန့်အပ်တာမလုပ်ရင် အခြေအနေပိုဆိုးလာမယ်လို့လည်း ပြောဆိုသွားပါတယ်။ မဲဆောက်မြို့က ဒုက္ခသည်အရေအတွက်ဟာ တာ့ခရိုင်တစ်ခုလုံးက ဒေသခံလူဦးရေနဲ့ တူညီတော့မယ်လို့လည်း ဆိုပါတယ်။
ထိုင်းလူနာတွေကို ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေချိန်မှာ မြန်မာဒုက္ခသည်တွေအတွက် ထိုင်းဆေးခန်းတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးဆရာဝန်တွေကို ဘတ်ဂျက်ခွဲဝေပြီး ငှားရမ်းသင့်တယ်လို့လည်း ဗဟိုအစိုးရကို တိုက်တွန်းသွားပါတယ်။
ဓာတ်ပုံ – MaeSot General Hospital