၁၃ ဖေဖော်ဝါရီ ၂၀၂၆
ထိုင်းနိုင်ငံမှာ Work Permit နဲ့ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ တရားဝင်နေထိုင်ခွင့် ဆက်လက်ရရှိစေဖို့ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) စင်တာတွေကို ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ပြန်လည်ဖွင့်လှစ်သွားမယ်လို့ အလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ပါတယ်။
ဒီ CI လုပ်ငန်းစဉ်ကို မြန်မာနဲ့ ထိုင်း အလုပ်သမားဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ မြို့ ၅ မြို့မှာ စင်တာတွေ ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ပထမဦးဆုံး နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ စာအုပ်ဖိုး ၂,၆၇၀ ဘတ်ကို ကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ ငွေသွင်းချိန်မှာပဲ သွားရောက်လိုတဲ့ CI စင်တာနဲ့ လာရောက်မယ့်ရက်ကို ရွေးချယ်နိုင်ပြီး ထုတ်ပေးတဲ့ ပြေစာကို ယူဆောင်ကာ သတ်မှတ်ထားတဲ့နေ့မှာ စင်တာကို သွားရောက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အလုပ်သမားသံအရာရှိရုံးကတော့ CI လျှောက်ခဟာ ၂,၆၇၀ ဘတ်သာ ကျသင့်မယ်လို့ ထပ်မံသတိပေးထားပြီး ပွဲစားတွေထံ ပိုက်ဆံပိုပေးရတဲ့ အခြေအနေ မဖြစ်စေဖို့ ဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။
ထို့အပြင် စင်တာတွေကို အပတ်စဉ် တနင်္လာနေ့တိုင်းနဲ့ မြန်မာသံရုံး ရုံးပိတ်ရက်တွေမှာ ပိတ်ထားမယ်လို့ အသိပေးထားတာကြောင့် သွားရောက်မယ့်ရက်ကို ကြိုတင်စစ်ဆေးပြီးမှ ချိန်းဆိုဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။


