၂၀ နိုဝင်ဘာ၊၂၀၂၄
ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ ဘန်လန်မြို့နယ်၊ အမှတ် (၈)၊ ဘန်လန်ကျေးရွာအနီးရှိ ဘန်လင်-ဘန်ပလာ လမ်းမပေါ် မှာ ထိုင်းရဲလိုက်ဖမ်းလို့ မောင်းနှင်ပြေး ရာကနေ လမ်းဘေးမီးတိုင်ကိုတိုက်မိပြီး မြန်မာလုပ်သား(၇)ဦး သေဆုံး သွားတယ်လို့ ထိုင်းဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ မြဝတီ-မဲဆောက် မီဒီယာမှာ ဖော်ပြလာမှုအရသိရပါတယ်။
နိုဝင်ဘာလ ၁၉ ရက် ည ၁၁ နာရီကျော်အချိန်ခန့်က မြန်မာလုပ်သား (၇) ဦးကိုတင်ဆောင်လာတဲ့ ပစ်ကပ် ကားတစ်စီးဟာ နခွန်ပထုံခရိုင်၊ဘန်လန်မြို့နယ်၊ အမှတ် (၈)၊ ဘန်လန်ကျေးရွာအနီးမှာ ဖွင့်လှစ်ထားတဲ့ စတိုး ဆိုင်ရှေ့မှာ ကားရပ်ထားစဉ် နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ရဲကားတစ်စီးကတွေ့ရှိသွားပြီး ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုခေါ်ယူစစ်ဆေးရာမှာ ကားသမားက စစ်ဆေးမှုမခံယူဘဲ မောင်းနှင်ထွက်ပြေးရာအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမီးတိုင်ကိုတိုက်မိပြီး ကားပေါ် မှာလိုက်ပါလာတဲ့ မြန်မာလုပ်သား(၇)ဦး သေဆုံးခဲ့ရာတဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီ ၅ ဦးပါဝင်ကြောင်း သိရပြီး အမျိုးသမီးနှစ်ဦးမှာ CDM ဆရာမတွေဖြစ်တယ်လို့လည်းသိရပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူ မြန်မာလုပ်သားတွေယူဆောင်လာတဲ့ ဘတ်ငွေ ၁၀၀၀၀ ကျော်နဲ့၊ ဓါတ်မြေဩဇာ အိတ်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ရေပုံ၊ အင်္ကျီအဝတ်အစားတွေ အပါအဝင် အိုးခွက်ပုဂံတွေကို အခင်းဖြစ်နေရာ အနီးမှာ ပျံ့ကျဲနေတာ ကိုတွေ့ ရှိရပြီး သေဆုံးသူ မြန်မာလုပ်သားတွေဟာ အခြားခရိုင်တစ်ခုကို သွားရောက် လုပ်ကိုင်ဖို့ဖြစ်နိုင်ကြောင်း (သို့မ ဟုတ်) အလုပ်လုပ်ကိုင်ပြီးလို့ နားနေရာကို ပြန်လာသူတွေဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆထားပါတယ်။
ဖြစ်စဥ်အတွင်း သေဆုံးသူ မြန်မာလုပ်သား(၇)ဦးအနက်မှ တစ်ဦးရဲ့ နေရပ်လိပ်စာကိုသာသိရသေးပြီး အခြားသူတွေရဲ့ အချက်အလက်တွေနဲ့ အခင်းဖြစ်နေရာအနီးမှာ ရှာဖွေတွေ့ရှိခြင်းမရှိတဲ့ယာဉ်မောင်းကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo – Asean Now