ထိုင်းတွင် CI စာအုပ်ဖျက်သိမ်းပြီး ပန်း ရောင်ကတ် တစ်ခုတည်းသာအသုံးပြုဖို့ ထိုင်းအထက်လွှတ်တော်ကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ Bright Future အဖွဲ့က မြန်မာလုပ်သားကိုယ်စား လှယ်တွေက ထိုင်းအစိုးရကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) အစိမ်းရောင်စာအုပ်ကို အသုံးပြုတာကိုရပ်ဆိုင်းပေးဖို့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးတဲ့ပန်းရောင်ကတ်ကို မြန်မာလုပ်သားတွေအတွက် အဓိကစာရွက်စာတမ်းတစ်ခုတည်းနဲ့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီတောင်းဆိုချက်ဟာ ထိုင်းနိုင်ငံက မြန်မာလုပ်သားတွေအတွက်ရှုပ်ထွေးမှုနဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ရည်ရွယ်တယ်လို့ Bright Future အဖွဲ့ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မစ္စတာ ဝီရ ဆန်ထောင်က ပြောထားတာပါ။
အစိမ်းရောင်စာအုပ် CI ဟာ လုပ်သားတွေကို မြန်မာအာဏာပိုင်တွေက ရယူရတဲ့စာရွက်စာတမ်းဖြစ်တယ်လို့ ဆိုပါတယ်။
CI ဟာ လုပ်ငန်းစဉ်တွေပြီးနှေးကွေးတဲ့အပြင် လစဉ် ဝင်ငွေရဲ့ ၂၅ % ကို မြန်မာ နိုင်ငံကိုပြန်လွှဲပေးဖို့ အတင်းအကျပ် တောင်းဆိုပြီး ငွေညှစ်ဖို့အတွက် ကိရိယာတစ်ခုအနေနဲ့ အသုံးပြုခံနေရတယ်လို့လည်း ဝီရဆန်ထောင်က ပြောကြားထားပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာထိုင်းနိုင်ငံကို ပေးဆောင်ရတဲ့ အခွန်နဲ့ အခြားကုန်ကျစရိတ်တွေအပြင် CI အတွက် ကုန်ကျငွေနဲ့လစဉ်အခွန်အခဟာထပ်လောင်းဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ သူကဖြည့်စွက်ပြောထားပါတယ်။
မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုလိုပြီး ထိုင်းနိုင်ငံကိုလည်း အခွန်ပေးဆောင်ဖို့ဆန္ဒရှိတယ် ဆိုထားပါသေးတယ်။
ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity -CI) ထုတ်ပေးတဲ့ ဝန်ဆောင်မှုစင်တာတွေကိုဩဂုတ်လ ၅ ရက်ကနေတင်ပြီး ခရိုင် ၄ ခုမှာ နိုဝင်ဘာလ ၅ ရက်နေ့အထိ ဖွင့်လှစ်မယ်လို့ ထိုင်းနိုင်ငံအလုပ်သမား ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ – အထက်လွှတ်တော်အမတ်နှင့် Bright Future အဖွဲ့


