ထိုင်း-မြန်မာနယ်စပ် ချင်းရိုင် ခရိုင်ထဲမှာအသက်မပြည့်သေးတဲ့ လိင်လုပ်သမတွေကို ခိုင်းစေနေတာကြောင့် သတင်းရရချင်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းအစိုးရဲ့ ကြေညာချက်အရ သိရပါတယ်။
ချင်းရိုင်မှာ ကလေးငယ်တွေကို လိင်လုပ် ငန်းတွေမှာ အတင်းအဓမ္မခိုင်းစေနေတယ်လို့ ထိုင်းပြည်သူတွေကသတင်းပေးပို့ခဲ့ပြီးတဲ့နောက်မှာ ချင်းရိုင်မြို့တော်ဝန်က အောက်တိုဘာ ၂ ရက်မှာ တရားမဝင်လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ် စတင်ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
လတ်တလော အသက် ၁၅နှစ် အရွယ် မြန်မာမိန်းကလေးတစ်ဦးအပါ ၃ဦးကို လိင်လုပ်ငန်းထဲကနေ ကယ်ထုတ်နိုင်ခဲ့ပြီး၊ စေခိုင်းသူကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအစိုးရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ထိုင်းအစိုးရ ကယ်ထုတ်နိုင်ခဲ့တဲ့ မြန်မာမိန်းကလေးငယ်ကို စစ်မေးချက်အရ သူမရဲ့ စားသောက်စရိတ်နဲ့ အိမ်ကို ပြန်ပို့နိုင်ဖို့ လိင်လုပ်ငန်းတွေကို ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။
သက်ငယ်မိန်းကလေးတွေကို အတူနေဖို့ ခေါ်ယူရာမှာတော့ Line အက်ပလီကေးရှင်းကိုအသုံးပြုဆက်သွယ်ကြပြီး၊ အဲဒီမိန်းကလေးတွေကို ချုပ်ကိုင်ထားသူက ခေါ်ယူသူဆီကို ဓာတ်ပုံပို့ကာ ရွေးချယ်ခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။
ခေါ်ယူသူအဆင်ပြေရင် ခေါ်ယူတဲ့သူရဲ့ နေရာကို ပို့ဆောင်ပေးရပြီး၊ အသက်နဲ့ ရုပ်ရည်ပေါ်မူတည်ကာ ထိုင်းဘတ်ငွေ ၁,၈၀၀ ကနေ ၃,၀၀၀ အကြားရှိပြီး၊ မိန်းကလေးငယ်က ဘတ် ၁,၀၀၀ ရရှိတယ်လို့ စစ်ဆေးချက်တွေကို ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
သက်ငယ်လိင်လုပ်ငန်းတွေ ဖမ်းဆီးဖော် ထုတ်ဖို့ ထိုင်းမြို့တော်ဝန်ညွှန်ကြားမှု နဲ့ ထိုင်းစစ်တပ်၊ ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ လူမှုရေးအဖွဲ့အစည်း နဲ့ ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့အ စည်းတွေရဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး အသွင်ယူ ဖမ်းဆီးခဲ့တာဖြစ်သလို ဆက်လက်ဖော်ထုတ်ဖမ်းဆီးဖို့လည်း သိရပါတယ်။
ပုံစာ – ချင်းရိုင်း ခရိုင်က ဟိုတယ်ကို ထိုင်းအာဏာပိုင်တွေဝင်ရောက် စစ်ဆေးစဉ်
ဓါတ်ပုံ – PR Thai


