Homeပြည်တွင်းသတင်းထိုင်းမှာ ပထွေးဖြစ်သူ ရိုက်နှက်လို့ မြန်မာကလေးငယ် တဦးသေဆုံး

ထိုင်းမှာ ပထွေးဖြစ်သူ ရိုက်နှက်လို့ မြန်မာကလေးငယ် တဦးသေဆုံး

၁၄ ဩဂုတ်၂၀၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပထုံဌာနီခရိုင်အတွင်းမှာ အသက် ၃ နှစ်အရွယ် အမွှာကလေးငယ်မောင်နှမနှစ်ဦးကို ပထွေးဖြစ်သူ ရိုက်နှက်ရာကနေ ယောင်္ကျားလေး ကလေးငယ်တဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ကလေးငယ်ကို ရိုက်နှက်သူဟာ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုနေစိုင်းဦးဆိုသူဖြစ်ပြီး သူဟာအသက် ၃၆ နှစ်အရွယ် မနွေးနွေးဦးဆိုသူရဲ့နောက်အိမ်ထောင်ဖြစ်သလို မနွေးနွေးဦးဟာ အရင်အိမ်ထောင်နဲ့ရခဲ့တဲ့ အမွှာကလေးငယ်မောင်နှမ ပါလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဩဂုတ်လ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုနေစိုင်းဦးဟာအလုပ်ကပြန်လာစဉ် အမွှာကလေးငယ်နှစ်ဦး ငိုနေတာကြောင့် ရိုက်နှက်ရာကနေ ယောက်ျားလေး ကလေးငယ်ဟာနံရံနဲ့ထိခိုက်မိခဲ့တာဖြစ်တယ်လို့ ကိုနေစိုင်းဦးက ရဲစခန်းမှာ ဝန်ခံထွက်ဆိုထားပါတယ်။

ရိုက်နှက်စဉ်မှာ ယောက်ျားလေးဖြစ်သူဟာ တက်သွားရာက‌နေ ခန္ဓာကိုယ်တောင့်တင်းလာတာကြောင့် ကိုနေစိုင်းဦးဟာ အရေးပေါ် အသက်ကယ်နည်း CPR ပြုလုပ်ခဲ့ရာကလေးငယ်ဟာ ပြန်လည်ကောင်းမွန်လာပေမဲ့ အသက်ရှုနှုန်းနှေးနေတာဖြစ်တယ်လို့လည်း ထွက်ဆိုထားပါတယ်။

မနက် ၄ နာရီလောက်မှာ မိခင်ဖြစ်သူအလုပ်က‌နေပြန်လာရာ ကလေးငယ်နှစ်ဦးရဲ့ အခြေအနေကို တွေ့ရပြီးနောက် ပထုံဌာနီဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံအရောက်မှာ ယောက်ျားလေးဖြစ်သူ ကလေးငယ်ဟာ သေဆုံးနေပြီဖြစ်ပြီး

အလောင်းကို ရင်ခွဲစစ်ဆေးရာမှာအဆုတ်နဲ့ အသည်းပျက်စီးနေတဲ့ ဒဏ်ရာနဲ့သေဆုံးခဲ့တာလို့ မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်မှာပေါ်ပေါက်ခဲ့တာပါ။

ကျန်မိန်းကလေးငယ်မှာလည်း ဒဏ်ရာအခြေအနေတွေကြောင့် အရေးပေါ်ကြပ်မတ်ကုသဆောင် (ICU) ထဲကို ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။

ကလေးငယ်ကို အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ပထွေးဖြစ်သူ ကိုနေစိုင်းဦးကို မိခင်ဖြစ်သူက ရဲစခန်းမှာတိုင်ကြားခဲ့ပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့မှာ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး တရားစွဲဆို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ပုံစာ- ကလေးငယ်ကို ရိုက်နှက်ခဲ့ပုံကို ပြန်လည်သရုပ်ပြနေစဉ်

ဓါတ်ပုံ – Thairath

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး