၂၇ အောက်တိုဘာ၊ ၂၀၂၄
ထိုင်းမြန်မာနယ်စပ်က မယ်ဆိုင်မြို့ အပါအဝင် ချင်းရိုင်ပြည်နယ်က ရေလွှမ်းမိုးခံရတဲ့ ဒေသတွေကို ရှင်းလင်းရေးလုပ်ဆောင်ဖို့ အမှတ် ၃၇ ခြေလျင်တပ်ရင်းကတပ်သားအင်အားနဲ့ စက်ယန္တရားတွေ ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပို့ဆောင်စေလွှတ်ထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ဟာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစင်တာကို ဦးဆောင်နေပြီး မယ်ဆိုင်ခရိုင်မှာ ရေကြီးမြေပြိုမှုကြောင့် ကျန်ရှိနေတဲ့ ရွှံ့နွံနဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းဖို့ စစ်သားတွေနဲ့ စက်ပစ္စည်းတွေ ထပ်မံဖြည့်တင်းပေးဖို့ ညွှန်ကြားထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာ မယ်ဆိုင်မြို့ကို သွားကြည့်စဉ်က ရေကြီးမြေပြိုမှုတွေအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဖို့အတွက် အဖွဲ့ဖွဲ့ခဲ့ပြီး ဒီအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးက ဦးစီးကာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ကာကွယ်ရေးဒုဝန်ကြီးတို့က တာဝန်ယူနေပါတယ်။ ထိုင်းစစ်တပ်နဲ့အတူ ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေက စိုက်ပျိုးရေးမြေတွေနဲ့ လူနေအိမ်တွေကို ရှင်းလင်းပေးနေကြပါတယ်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ ၁၁ ရက်ကစပြီး ချင်းရိုင်ခရိုင်ထဲက မယ်ဆိုင်မြို့နဲ့ မြန်မာဘက်ခြမ်းက တာချီလိတ်မြို့တွေမှာ ရေကြီးမြေပြိုခဲ့ပြီး တချို့နေရာတွေမှာ နှစ်ထပ်အမြင့်အထိ ရေတက်ခဲ့ပြီး ရွှံ့နွံတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးစေလွှတ်ထားတဲ့လုပ်အားပေး တပ်ဖွဲ့ဝင်တွေဟာ လမ်းများ၊ အိမ်ယာများနဲ့ အများပြည်သူပိုင်နေရာများကို အဓိကထား ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုံစာ – မယ်ဆိုင်မြို့မှာ ရေကြီးမြေပြိုမှုနောက်ဆက်တွဲရွှံ့နွံတွေကို သန့်ရှင်းရေးလုပ်နေကြတဲ့ ထိုင်းစစ်သားများ
Photo – Thai News