၂ ဖေဖော်ဝါရီ၊ ၂၀၂၅
ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လည် ၁၁နာရီ ၂၀ ဝန်းကျင်က စစ်တပ်၊ ရဲနဲ့ အထူးတပ်ဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့စုံစစ်ဆေးရေးဟာ လှည့်လည်စစ်ဆေးနေတုန်း မယ်လမတ်မြို့နယ်၊ တာ့ခရိုင်အတွင်း ဘန်နမ်ဒိဘုန်ဝမ်အနီးက မသင်္ကာစရာကားတစ်စီးပေါ်ကနေ ကျားဖြန့်နဲ့ပတ်သတ်တဲ့လုပ်ငန်းသုံးပစ္စည်းတွေ ထိန်းသိမ်းရရှိခဲ့ပါတယ်။
မသင်္ကာစရာ Toyota Revo အမျိုးအစား အဖြူရောင်ယာဉ်မှာ တာ့ခရိုင်လိုင်စင်နဲ့ဖြစ်ပြီး မိုဘိုင်းဖုန်း ၁၂၅၁ လုံး၊ ဆင်းကတ် ၂၇၄ကတ်နဲ့ ကွန်ပြူတာ ၁၉ လုံးကို စစ်ဆေးရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် Mr. Yat ဆိုသူ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းရာမှာ သူက သောင်ရင်းမြစ်ကမ်းကနေပြီး ဒီပစ္စည်းတွေ သယ်ဆောင်လာတာဖြစ်ကြောင်း ဝန်ခံသွားပါတယ်။ ဒီပစ္စည်းတွေကို ပို့ဆောင်ဖို့ Paoli ဆိုသူကို ပို့ဆောင်ဖို့ အသေးစားပို့ဆောင်ရေးလုပ်ငန်းတစ်ခုက လုပ်ငန်းအပ်ခဲ့တာဖြစ်ကြောင်းနဲ့ ပို့ရမယ့်လိပ်စာက ဝက်သနခွန်ခရိုင်ထဲကို ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ ပို့ဆောင်ခ ဘတ် ၅၀၀၀ ရခဲ့တယ်လို့လည်း ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဒီကွန်ပြူတာနဲ့မိုဘိုင်းဖုန်းတွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေနဲ့ဆက်စပ်နေမယ်လို့ ယူဆပြီး ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘောဒီးယားဘက်ကို ပြောင်းရွှေ့အခြေစိုက်ဖို့ ထိုင်းနိုင်ငံ စကောမြို့နယ်ကို ဖြတ်သန်းတာလို့ ယူဆထားပါတယ်။ Mr. Yat ကိုတော့ ရဲအရာရှိတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ငန်းသုံးလို့ ယူဆရတဲ့ ပစ္စည်းများပုံ
ဓာတ်ပုံ – Addy Chaiyadech