၂၁ ဇန်နဝါရီ၊ ၂၀၂၁၅
ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဘက်မှာ ထိုင်းအာဏာပိုင်တွေက သံဆူးကြိုးများနဲ့ ကာရံလိုက်တယ်လို့ ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ ဒေသခံတွေ တရားမဝင် ကူးသန်းဖြတ်သွားနေတဲ့ နေရာတွေကို သံဆူးကြိုးတွေနဲ့ ထိုင်းအာဏာပိုင်တွေက လိုက်ပြီး ပိတ်ဆို့ကာရံနေတာဖြစ်ပါတယ်၊။
“ထိုင်းနယ်စပ်တလျှောက် တရားမဝင်ဖြတ်သန်းနေတဲ့နေရာတွေကို လိုက်ကာတာပါ။ ကိုဗစ်ဖြစ်တုန်းကလည်း ကာဖူးပါတယ်။ သံဆူးကြိုးကြားက လွတ်တဲ့နေရာတွေက ဖြတ်သွားနေကြတာပါပဲ။ အခုက ကျားဖြန့်တွေကိစ္စပေါ်လာတော့ သူတို့ဘက်က နည်းနည်းပိုတင်းကြပ်တာမျိုးတွေ လုပ်လာတာပါ။ သွားလာသူတွေကတော့ ရှိတာပါပဲ။ ဟိုဘက်က စက်ရုံတို့ စိုက်ခင်းတို့ ဆောက်လုပ်ရေးတို့ဆိုက်တွေကိုလည်း ဒီဘက်က သွားကြတာတွေ ရှိတယ်”လို့ ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောဆိုပါတယ်။
ဇန်နဝါရီ ၁၇ ရက်က ကန်ချနာဘူရီနဲ့ ဆန်ခလာဘူရီခရိုင်တွေက တာဝန်ရှိသူတွေကလည်း ထိုင်းမြန်မာနယ်စပ် တရားမဝင် ဝင်ပေါက်တွေကို လာပြီး စစ်ဆေးသွားတယ်လို့ ပြောဆိုပါတယ်။
ဘုရားသုံးဆူဘက်ကနေ တရုတ်နိုင်ငံသား ထောင်နဲ့ချီပြီး ဝင်ထွက်နေကြတယ်လို့ သိရတဲ့အပြင် တရုတ်လောင်းကစားရုံတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ ဒီဒေသဘက်ကို ရောက်ရှိလာတယ်ဆိုတဲ့သတင်းတွေကြောင့် ထိုင်းက လုံခြုံရေးတင်းကြပ်လာတာ ဖြစ်ပါတယ်။
သံဆူးကြိုးတွေနဲ့ကာရံထားတဲ့အပြင် CCTV တွေကို ထိုင်းမြန်မာနယ်စပ် မြို့နယ် ၅ ခုမှာ တပ်ဆင်ပြီး သတိပေးဆိုင်းဘုတ်တွေလည်း စိုက်ထူထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ဓာတ်ပုံ – The Nation