၂၁ နိုဝင်ဘာ၊ ၂၀၂၄
နိုဝင်ဘာလ ၂၀ရက် မနက် ၄နာရီက ထိုင်းဒေသခံရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တို့ပူးပေါင်းပြီး စီမံချက်နဲ့ ရှာဖွေကင်းလှည့်နေတုန်း ထိုင်းမြန်မာနယ်စပ်၊ တာ့ခရိုင်၊ ဖော့ဖရမြို့နယ်အတွင်းမှာ ထိုင်းနိုင်ငံအတွင်းကို အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၉ ဦးကို ဖမ်းဆီးရမိပါတယ်။ ဖမ်းမိသူတွေထဲ ကလေးငယ် နှစ်ဦး၊ အမျိုးသမီး ၅ ဦးလည်း ပါဝင်ပါတယ်။ ဖမ်းမိတဲ့အမျိုးသား နှစ်ဦးထဲက တစ်ဦးမှာ စိတ်ကြွဆေး ၁၄ ပြားပါဝင်တဲ့အတွက် ဥပဒေအရ ချက်ချင်းအရေးယူသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ တရားမဝင်လုပ်ဆောင်မှုတွေ ပပျောက်ရေးအတွက် စစ်ဆင်ရေးကို တော်ဝင်ထိုင်းတပ်မတော်စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ် Phana Khlaewplodthuk က တိုက်ရိုက်ညွှန်ကြားကွပ်ကဲနေတာဖြစ်ပြီး ထိုင်း တပ်မဟာ ၃ က နယ်စပ်တလျှောက် စစ်ဆေးတာ ၊ ကင်းလှည့်တာတွေကို တာဝန်ယူထားပါတယ်။
တာ့ခရိုင်၊ ဖော့ဖရမြို့နယ်အတွင်းကို ရတ်ချ်မနု အထူးတပ်ဖွဲ့က တာဝန်ယူရတာဖြစ်ပြီး ပြီး မြန်မာနိုင်ငံဘက်က ထိိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့အဖွဲ့ဟာ လမ်းလျှောက်ဖြတ်သန်းလာတဲ့အခါမှာ အရာရှိတွေက စုံစမ်းစစ်ဆေးကြတာ ဖြစ်ပါတယ်။
အစောပိုင်းစစ်ဆေးချက်တွေအရ ကလေးငယ်နှစ်ဦး၊ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၂ ဦး ပါဝင်တဲ့အဖွဲ့ဟာ တောလမ်းကနေ ကူးသန်းပြီး တရားမဝင် ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ပါလာတာတွေကို စစ်ဆေးတဲ့အခါ အမျိုးသား တစ်ဦးက စိတ်ကြွမူးယစ်ဆေး ၁၄ ပြားပါလာတဲ့အတွက် မူးယစ်ဥပဒေပုဒ်မအရ သူတို့ကို အရေးယူဖို့ ဖော့ဖရ ရဲစခန်းကို ပို့ဆောင် လွှဲပြောင်းထားတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။
ဆန်ခလာဘူရီခရိုင်မှာလည်း တရုတ် ၁၈ ဦး၊ လာအိုအမျိုးသမီး နှစ်ဦးတို့ဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့အတွက် ဖမ်းဆီးရမိထားပါတယ်။
ဆန်ခလာဘူရီခရိုင်က ရဲမှူးကြီး Paitoon Sriwilai ရဲ့ပြောဆိုချက်အရ ဒီတရုတ်အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်ကို တောလမ်းက ဖြတ်ကျော်လာခဲ့တာလို့ ထုတ်ပြန်ကြေညာလိုက်ပြီး ဒီဖြစ်ရပ်ကြောင့် ထိုင်းမြန်မာနယ်စပ်မှာ ကင်းလှည့်စစ်ဆေးတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြင့်လာပါတယ်။
Photo – Thaiger/ Khaosod