Homeနိုင်ငံတကာသတင်းထိုင်းနဲ့တရုတ်ပူးပေါင်းလုပ်ကိုင်နေတဲ့ အကြီးမားဆုံး ကျားဖြန့်လုပ်ငန်း ချင်းမိုင်မှာ ဖမ်းဆီးရမိ

ထိုင်းနဲ့တရုတ်ပူးပေါင်းလုပ်ကိုင်နေတဲ့ အကြီးမားဆုံး ကျားဖြန့်လုပ်ငန်း ချင်းမိုင်မှာ ဖမ်းဆီးရမိ

၂၈ နိုဝင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ လိမ်လည်ရာမှာ အသုံးပြုတဲ့ သက်သေခံပစ္စည်းအမြောက်အများကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြီး သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံသမိုင်းတလျှောက် အကြီးမားဆုံးနဲ့ အများဆုံး ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ရဲမှူးက ပြောဆိုပါတယ်။ နိုဝင်ဘာလ ၂၆ ရက်က ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းနယ်မြေတွေက နေရာ ၁၁ နေရာ ကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ဖုန်းဆင်းမ်ကတ် ၅၉၀၀၀၀ ပါ ဆင်းမ်ကတ် ဗူး ၆၄၂ ဗူး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁၄၅၅ လုံး၊ ဆင်းမ်ကတ် Reader ၄၇ ခု သိမ်း ဆည်းရ မိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဖမ်းဆီးရမိတဲ့အထဲ ထိုင်းနိုင်ငံသား ၂ ယောက်၊ တရုတ်နိုင်ငံသား ၅ ယောက်နဲ့ မြန်မာနိုင်ငံသား ရှစ်ယောက် စုစုပေါင်း ၁၅ ယောက်ကို သံသယ တရားခံတွေအဖြစ် ဖမ်းဆီးရမိထားပါတယ်။

ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းဟာ တရုတ်နဲ့ထိုင်း ပူးပေါင်းထားတဲ့ ဒုစရိုက်ကွန်ယက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူတွေထဲက အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး ဂျီရာပန်ပရာကော့ကစ်ရဲ့ ခင်ပွန်းဟာ တရုတ်လူမျိုးဖြစ်ပြီး လက်ရှိမှာ လွတ်မြောက်နေသလို ဒီဒုစရိုက်ကွန်ယက်ရဲ့ ခေါင်းဆောင်ဖြစ်မယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။

လိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ငှားထားတဲ့ အိမ်တွေနဲ့ ခိုင်းစေထားတဲ့ ဝန်ထမ်းတွေအတွက် အခကြေးငွေတွေကို ဂျီရာပန်က ပေးနေတာဖြစ်ပြီး များပြားလှစွာသော ဆင်းမ်ကတ်တွေဟာ လူမှုကွန်ရက် အကောင့်တုတွေ လုပ်ဖို့ ထားရှိတာလို့ သိရပါတယ်။

လူမှုကွန်ရက် အကောင့်တုတွေထည့်သွင်းအသုံးပြုတဲ့ မိုဘိုင်းဖုန်းတွေ လုံခြုံရေးကို ကာကွယ်ပေးတဲ့ စက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပြီး ဂျီရာပန်က ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားက ဝယ်ပေးခဲ့တာလို့ ထွက်ဆိုသွားပါတယ်။

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read