၁၉ ဒီဇင်ဘာ၊၂၀၂၄
ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် အုန်းနွဲ့၊အုန်းယိုင်နယ်မြေမှာရှိတဲ့ သံစက်ရုံမှ မြန်မာအလုပ်သမားများ ပန်းရောင် ကဒ် (ဘတ်)သက်တမ်းတိုးခ စျေးလျှော့ပေးဖို့တောင်းဆိုမှုအပေါ် စက်ရုံဘက်မှ အလုပ်သမားခေါင်း ဆောင် တွေကို ထိုင်းရဲ နဲ့ လုံခြုံရေးတွေခေါ်ကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသံစက်ရုံရှိ အထောက်အထားအပြည့်အစုံရှိတဲ့ မြန်မာလုပ်သား ၃၀၀ ခန့်မှ နှစ်နှစ်သက်တမ်းတိုးခ ဘတ်(၁၀၀၀၀) ကောက်ခံနေတာကို စျေးနည်းနည်းလျှော့ပေးဖို့ မနက်ပိုင်းအလုပ်မဝင်ခင် စုဝေးတောင်း ဆိုခဲ့ကြရာက စပြီး ယခုလိုဖြစ်စဥ် ဖြစ်ပွါးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သက်တမ်းတိုးခ စျေးလျှော့ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတွေကို ထိုင်းရဲနဲ့ လုံခြုံရေးတွေခေါ် နံပါတ်တုတ် ကိုင် ဖမ်းဆီးခိုင်းတာက မြန်မာလုပ်သားတွေအပေါ် အနိုင်ကျင့်တာဖြစ်တယ်…. ၂ နှစ်သက်တမ်းတိုးခ စျေးအဆ မတန်ကောက်ခံလို့ စျေးလေးနည်းနည်းလျှော့ပေးဖို့ ငြိမ်းချမ်းစွာတောင်းဆိုတဲ့ မြန်မာလုပ်သားတွေကို ယခုလို ကြမ်းကြမ်းတမ်းတမ်း လက်ထိပ်ခတ် ဖမ်းဆီးတာဟာ အလုပ်သမားအခွင့်အရေး အရရောလူ့အခွင့် အရေးအရ ရော ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး.”လို့ မြန်မာရွေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်နေတဲ့ “ အေအေ စီစီ ကိုရဲမင်းက ပြောဆိုထားပါတယ်။
ဗီဇာ နဲ့ Work Permit ၂ နှစ်စာ သက်တမ်းတိုးခြင်းတွေကို ယခုလလယ်မှစပြီး လာမည့် ဖေဖော်ဝါရီ ၁၃ ရက်ထိ နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ပြီး ထိုင်းအစိုးရက တရားဝင်သတ်မှတ်ထားသော နှုန်းထားမှာ သွေးစစ်ခ အပါ အဝင် ဘတ် ၃,၇၀၀ သာ ကျသင့်ကြောင်းသိရပြီး ဗီဇာ နဲ့ Work Permit ၂ နှစ်စာ သက်တမ်းတိုးခြင်း ဝန်ဆောင်မှု ပေးနေတဲ့ အေဂျင်စီတွေရဲ့ပေါက်စျေးကတော့ ဘတ် ၁၉၀၀၀ အထိရှိနေတယ်လို့လည်း သိရပါတယ်။
“သူတို့ သက်အမှတ်ထားတဲ့ စံနှုန်းတွေအတိုင်း မြန်မာအလုပ်သမားတွေ တော်တော်များနေထိုင်ကြပါတယ် တစ်ချို့ တစ်အားဆင်းရဲတဲ့သူတွေလောက်ပဲ မလုပ်နိုင်ကြတာ ဒါပေမယ့် ဘတ် လုပ်ရတာ သက်တမ်းတိုးရတဲ့ အချိန်တွေမှာ ပွဲစားတွေကစျေးတွေ တစ်အားယူလွန်းကြတယ် “ လို့ မဲဆောက်မြို့နေ မြန်မာရွေ့ပြောင်း လုပ်သားတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပန်းရောင်ကတ်လက်မှတ် စတင်ပြုလုပ်ပေးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာပဲ အမည်စာရင်း (Name List) တင်သွင်းသူ အလုပ်သမားဦးရေ (၅၈,၃၃၁) ဦးရှိတယ် လို့ သိရပြီး၊ အမည်စာရင်းတင်သွင်းသူ အလုပ်သမားအများစုဟာ မြန်မာနိုင်ငံသား တွေဖြစ် တယ်လို့လည်း ဆိုပါတယ်။
Photo – Ye Min